ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၈ ရက်

စစ်ရေးတင်းမာမှုများ မြင့်တက်နေသည့် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ရွေးတုအစိုးရ စစ်တပ်၏ အင်အားပြည့် ထိုးစစ်ဆင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် အခြေအနေများအပေါ် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက မိဘပြည်သူများထံ သီတင်းကျွတ် အခါသမယတွင် ဂါရဝပြု တောင်းပန်လွှာနှင့် အတူ လက်ရှိ မြေပြင်အခြေအနေ ထုတ်ပြန်ချက်တစ်ရပ်ကို ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယခု ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ဒေသခံ မိဘပြည်သူများအနေဖြင့် နိုင်ငံတော်အဆင့် ထိုးစစ်ဆင်လာသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများကို တိုက်ရိုက်ရင်ဆိုင် ကြုံတွေ့ခဲ့ကြရပြီး အဘက်ဘက်မှ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုက်ပွဲများ ဖော်ဆောင်ရာတွင် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းနှင့်အတူ အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) တပ်ရင်းများ၊ ခရိုင်နှင့် မြို့နယ် တိုက်ခိုက်ရေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းတပ်များ အနေဖြင့် အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ကြရသကဲ့သို့ ပြည်သူလူထု အနေဖြင့်လည်း အသက်၊ ခန္ဓာ၊ ငွေကြေး၊ ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်များကိုပါ အဘက်ဘက်မှ ရင်းနှီးပေးဆပ်ခဲ့ကြရကြောင်း ဆိုသည်။

မြေပြင် စစ်ဆင်ရေး အခြေအနေများနှင့် ပတ်သက်၍ ရွေးတုအစိုးရစစ်တပ်သည် စစ်သုံ့ပန်းအချို့နှင့် ပြည်သူအများအပြားကို ဖမ်းဆီးနှိပ်စက်ကာ ဓားစာခံ လူသားဒိုင်းအဖြစ် စစ်ကြောင်းရှေ့မှ တင်၍ မိုင်းနင်းခိုင်းခြင်း၊ ကျည်ကာများအဖြစ် အသုံးချ၍ ထိုးစစ်ဆင်ခြင်းများကို ကျူးလွန်ခဲ့ကြရာ တိုက်ခိုက်ရေး ရဲဘော်များအနေဖြင့် အဆိုပါ အခက်အခဲများကို အပြင်းထန်ဆုံး ရင်ဆိုင်ခဲ့ကြရကြောင်း သိရသည်။

ထို့အပြင် စစ်ရေးဗျူဟာအရ ဝင်ရောက်တိုက်ခိုက်သင့်သည့် နေရာများကို တိုက်ခိုက်ခဲ့သော်လည်း ဆုတ်ခွာပေးရသည့် လမ်းကြောင်းများနှင့် ရွာစဉ်တစ်လျှောက်တွင် ရွေးတုအစိုးရစစ်တပ်က နေအိမ် များနှင့် တဲများကို တန်ဖိုးရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် အဓမ္မပြု ကျင့်မှုများကိုပါ ကျူးလွန်ခဲ့ကြသည်။

တော်လှန်ရေးကာလအတွင်း အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း အားနည်းချက်များနှင့် လိုအပ်ချက်များ ရှိခဲ့ကြောင်း၊ သို့သော် ကျဆုံးခဲ့ကြရသော ရဲဘော်များအား ဂုဏ်ပြုအလေးပြုလျက် ရှေ့တန်း စစ်မြေပြင် တိုက်ပွဲများကြားမှနေ၍ ပြည်သူများထံသို့ ကောလင်းခရိုင် အမှတ် (၄) တပ်ရင်း ရဲဘော်များနှင့် အခြားသော ရဲဘော်ရဲဘက်များကိုယ်စား လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးကန်တော့ တောင်းပန်အပ်ကြောင်း ရေးသားထားသည်။

ကျန်ရှိနေသေးသော တော်လှန်ရေး ခရီးဆက်ကာလအတွင်း မိဘပြည်သူများ၏ အကျိုးအတွက် အကောင်းဆုံး ဆက်လက်ကြိုးစား အကောင်အထည်ဖော်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက ကတိသစ္စာပြု ထုတ်ပြန်ထားသည်။