ဟိန်းစံ/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအခြေ စိုက် အမှတ် ၁၃ စစ်ကောင်စီတပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်း (တတက ၁၃ ) တပ်က ဗိုလ်မှူး ဇော်ထက်အောင်ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက သေနတ်ဒဏ် ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

သေဆုံးခဲ့သူဟာ သပိတ်ကျင်း တတက ၁၃ စစ်ကောင်စီတပ်က အုပ်ချုပ်မှုအရာရှိ ဗိုလ်မှူး ဇော်ထက်အောင် ဆိုသူဖြစ်ပြီး သပိတ်ကျင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ တခုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ – PDF တွေဘက်က ပစ်ခတ်လိုက်တဲ့ သေနတ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာလို့ တပ်တွင်းသတင်းရင်းမြစ်များထံက သိရပါတယ်။

”သူ (ဗိုလ်မှူး ဇော်ထက်အောင်)က ရင်ဘတ်ကိုသေနတ်မှန်ထားတာ။ ဒဏ်ရာကပြင်းတယ်။ ဖြစ်တာကတော့ PDF နဲ့ဘဲ ဖြစ်တာ၊ ဘယ်တိုက်ပွဲလည်းတော့ သေချာမသိဘူး။ ဖြစ်ဖြစ်ချင်းတော့ တန်းမသေဘူး။ အစကပြန်သက်သာတယ်ထင်ရတာ။အခြေအနေပြန်ဆိုးလာလို့ ပြင်ဦးလွင်ကနေ ရန်ကုန် ကုတင် ၁၀၀၀ စစ်ဆေးရုံကြီးကို လွှဲဖို့လုပ်နေတုန်း သေသွားတာ” လို့ တတက ၁၃ တပ်နဲ့နီးစပ်တဲ့ မန္တလေး၊နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် အမှတ် ၁၃ စစ်တပ်တန်းမြှင့်လေ့ ကျင့်ရေးကျောင်း(တတက ၁၃) ဟာ စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) စစ်တိုင်းကွပ်ကဲမှုဖြစ်တဲ့ မန္တလေးနဲ့မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် ရင်းတွေ အပါအဝင် မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက အခြားအဆင့် စစ်ကောင်စီ တပ် သားတွေကို အကြပ်လောင်း၊ အကြပ်ငယ်၊ အကြပ်ကြီး၊ အရာခံဗိုလ် စတဲ့စစ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားနေတဲ့ သင်တန်းကျောင်းတခုဖြစ်ပေမယ့် စစ်အာဏာ သိမ်းပြီးတဲ့နောက်မှာတော့ သပိတ်ကျင်းမြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ – PDF နဲ့

ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေလို့ အဲ့ဒီ လေ့ကျင့်ရေးကျောင်းက သန္ဓေသင်တန်းနည်းပြ အရာရှိ၊ အခြားအဆင့်တွေအပါအဝင် သင်တန်းတက်ရောက်နေတဲ့ သင်တန်း သား စစ်ကောင်စီတပ်သားတွေပါ သပိတ်ကျင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးနေရတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ဗိုလ်မှူး ဇော်ထက်အောင် စစ်တက္ကသိုလ် (DSA) အမှတ်စဉ် ၄၆ ဆင်း အရာရှိတဦးဖြစ်ပြီးတော့ တတက ၁၃ လေ့ကျင့်ရေးတပ်ကိုမရောက်ရှိခင်က စစ်ကောင်စီတပ် အမျိုးသမီးတပ်ကြပ်ကြီး/စာရေးတွေ သင်တန်း တက်ရောက်တဲ့ မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနှင့်အကြပ်ကြီးသင်ကျောင်း( ရကသ ၄ ) လေ့ကျင့်ရေးတပ်နဲ့ ဗန်းမော်မြို့အခြေစိုက် ခလရ ၂၃၆ တပ်ရင်းတွေကနေ ပြောင်းရွှေ့လာတာလို့သိရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်မှာတော့ DSA အမှတ်စဉ် ၄၆ ဆင်းတွေဟာ စစ်ဦးစီးမှူး(ပထမတန်း) G-1 နဲ့ တပ်ရင်းမှူးအဆင့်တွေဖြစ်ပြီး သေဆုံးခဲ့သူ ဗိုလ်မှူး ဇော်ထက်အောင်က ဗန်းမော်မြို့က တိုက်ခိုက်ရေးတပ်မှာ ပြစ်မှုဖြစ်လို့ ရာထူးတိုးမရရှိခဲ့ဘဲ လေ့ကျင့်ရေးတပ် တတက ၁၃ ကိုပြန်လည်ပို့ဆောင်ခံခဲ့ရတာလို့ တပ်သတင်းရင်းမြစ်ကပြောပါတယ်။

ဗိုလ်မှူး ဇော်ထက်အောင် ပစ်ခတ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ သပိတ်ကျင်းမြို့နယ်အတွင်းအခြေပြုလှုပ် ရှားနေတဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေကို ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေကို စုံစမ်းမေးမြန်းဖို့
မြေပြင်အဖွဲ့တွေနဲ့ ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံံ့ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတော်လှန်စစ်တွေကို ရင်ဆိုင်နေရလို့ တိုက်ခိုက်ရေးတပ်တွေသာမက စစ်လက်ရုံးလေ့ကျင့်ရေးတပ်တွေအပါအဝင် ကပစ၊ BE ၊ GE၊ Eme ၊ ဆေးတပ်ဖွဲ့စတဲ့စစ်လက်ရုံးတပ်တွေကိုပါ ထုတ်နှုတ်သုံးစွဲပြီး စစ်ရေးရင်ဆိုင်လာရတာဖြစ်ပါ တယ်။

မနေ့က မနက်ပိုင်းကလည်း သထုံမြို့နယ်အတွင်းအခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ ၉ )လေ့ကျင့်ရေးတပ်က DSA အမှတ်စဥ် ၄၇ ဆင်း ဗိုလ်မှူး ချစ်ဝင်းသူနဲ့အဖွဲ့ ဝင်းစိန်ရွာအတွင်းကဒေသခံတွေကိုသွားရောက်ဖမ်းဆီးအပြီးအပြန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ဆိုင်းပစ်ခတ်လို့ ဗိုလ်မှူး ချစ်ဝင်းသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ – ယမန်နေ့ကသေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ဇော်ထက်အောင် မှော်ဘီမြို့ အမှတ် ၄ အရာခံနှင့်အကြပ်ကြီး သင်ကျောင်းတွင် ရိုက်ကူးထားသည့်ပုံဖြစ်ပါသည်။)
#သပိတ်ကျင်း #တတက ၁၃ #ဗိုလ်မှူး #ဇော်ထက်အောင် #သေဆုံး #PDF #ပစ်ခတ် #AyeyarwaddyTimes