ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊မြို့နယ်တရားရုံးတွင် ယနေ့ နိုဝင်ဘာလ ၁၁ ရက် မနက် ၉ နာရီဝန်းကျင်က ပါဆယ်ဗုံးပေါက်ကွဲသဖြင့် မြို့နယ်တွဲဖက်တရားသူကြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
သေဆုံးခဲ့သူမှာ စစ်ကောင်စီလက်အောက်ခံ ကောလင်းမြို့နယ်တွဲဖက်တရားသူကြီး ဦးဘရန်ဆိုင်းဆိုသူဖြစ်ပြီး ၄င်းထံလာရောက်ပို့ဆောင်သည့် လက်ဆောင်အထုပ်မှဗုံးပေါက်ကွဲကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
တွဲဖက်တရားသူကြီးဘရန်ဆိုင်းထံ မြစ်ကြီးနားမြို့မှ လက်ဆောင်ပေးပို့သည့် အထုပ်ရောက်ရှိလာသည်ဟုဆိုကာ အမည်မသိလူတဦးက ဆိုင်ကယ်ဖြင့်လာရောက်ပို့ဆောင်ပြီးနောက် အထုပ်ကိုယူ၍ ဖွင့်ကြည့်စဥ် တရား သူကြီး လက်ထဲ၌ပင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ တွဲဖက်တရားသူကြီးသေဆုံးပြီး ၄င်း၏တပည့်ဖြစ်သူ တရားရုံးစာရေး မှာပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“လက်ဆောင်ထုပ်ရောက်နေတယ်ဆိုပြီး ဆိုင်ကယ်နဲ့ လာပို့တာ။ သူကလက်ဆောင်မထင်ဘူး။ ပိုက်ဆံကို အဲဒီလိုထည့်ပြီး ရနေကြဆိုတော့ ပိုက်ဆံပဲထင်တာ။ ဖွင့်ကြည့်တော့ ထပေါက်တာပဲ။ နေရာတင်သေတယ်”ဟုကောလင်း မြို့နယ် တရားရုံးနှင့် နီးစပ်သူဒေသခံအမျိုးသား တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်းမှဆက်လက်ပြီး “အလိုရမ္မက်ဇောလေ။ ဗုံးမှန်းမသိ ပိုက်ဆံမှန်းမသိနဲ့ သူနဲ့သူတပည့်က အသည်းအသန်ဖွင့်ကြတာ။ ဆိုင်ကယ်သမားကပေးပြီးပြန်တာ ကြာပြီ။ သူ့တပည့်လည်း သေမယ်ထင်တာပဲ”ဟုဆိုသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများဘက်မှသတင်းထုတ်ပြန်ခြင်းမရှိသေးသလို မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကိုသီးခြားအတည်မပြုနိုင်ပါ။
Photo – CJ
#ကောလင်း #မြို့နယ်တရားရုံး #ဗုံးပေါက်ကွဲ #တွဲဖက်တရားသူကြီး #သေဆုံး #AyeyarwaddyTimes