ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF အထူးလှုပ်ရှားတပ်မ) ၏ အောက်တိုဘာလအတွင်း ဖော်ဆောင်ခဲ့သော စစ်ဆင်ရေး အနှစ်ချုပ် ထုတ်ပြန်ချက်အရ ထီးချိုင့်၊ အင်းတော်နှင့် တကောင်းမြို့နယ်တို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရ စစ်တပ်ဘက်မှ အထိနာကာ သေဆုံးသူ ၈၀ ကျော် ရှိကြောင်း သိရသည်။

 

တပ်တွင်း ပြန်လည်စုဖွဲ့ လေ့ကျင့်လုပ်ငန်းစဉ်များ ပြုလုပ်ပြီးနောက် မိတ်ဖက် တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး တိုက်ပွဲများကို ဒေသအသီးသီး၌ အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့တွင် MDY-PDF ၏ အမှတ် (၆၆၂) နည်းဗျူဟာနှင့် ကသာခရိုင် တပ်ရင်း (၃) တို့ ပူးပေါင်း၍ ထီးချိုင့်မြို့နယ်၊ ဆတ်ကျကျေးရွာအုပ်စု၊ တုံလုံကျေးရွာရှိ ရွေးတုအစိုးရ စစ်တပ်၏ စစ်စခန်းတစ်ခုအား ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ကြပ်ကြီး တစ် ဦး အပါအဝင် ကိုး ဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော် နှစ် ဦး အသက်ပေးလှူခဲ့ရသည်။

 

ဆက်လက်၍ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း အင်းတော်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် အင်အား ၅၀၀ ဝန်းကျင်ရှိ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းကြီးကို မန္တလေး PDF ၏ အမှတ် (၉၉) နည်းဗျူဟာနှင့် မဟာမိတ်တပ်ပေါင်းစုများက ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အဓမ္မ စုဆောင်းခံရသည့် ပြည်သူ့စစ်ရဲဘော်များ အပါအဝင် ၇၀ ကျော် သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ စစ်သုံ့ပန်း သုံးဦးကို အရှင် ဖမ်းဆီးရမိခဲ့သည်။

တိုက်ပွဲများအတွင်း ရွေးတုအစိုးရ စစ်တပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု ၅၂ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၅၈ ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု ၆၉ ကြိမ်အထိ အပြင်းအထန် အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးရဲဘော် ခြောက် ဦး ကျဆုံးခဲ့ပြီး RPG တစ် လက် အပါအဝင် လက်နက်ငယ်များနှင့် ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့နောက် အောက်တိုဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် MDY-PDF ၏ အမှတ် (၆၆၂) နည်းဗျူဟာ၊ မန္တလေးတိုင်းစစ်ဌာန၏ အမှတ် (၃) အထူးတပ်ရင်းနှင့် အမှတ် (၉၇၁၀) တပ်ဖွဲ့တို့ ပူးပေါင်းကာ တကောင်းမြို့နယ်ရှိ နီကယ်တောင်စခန်းနှင့် (၆) မိုင်ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်၍ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – MDY-PDF