ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ဦးတည်သည့် ဒုတိယအကြိမ် ထိုးစစ်ကို ရွေးတုအစိုးရ စစ်တပ်က အင်အားအလုံးအရင်း သုံးစွဲကာ အပြင်းအထန် စစ်ကြောင်းထိုးလျက်ရှိပြီး အာရက္ခ တပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကြောင့် ရွေးတုအစိုးရ စစ်တပ်ဘက်မှ အထိနာကာ အင်အား ပြုန်းတီးမှုများပြားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အမြင့်ကျွန်းနှင့် ခမောင်းတောဘက်တို့တွင် ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့အထိ နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်တပ်က တပ်မ (၁၀၁) အပြင် ဒရုန်းစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သော (ဒစရ ၂) ကိုပါ ပူးတွဲ အသုံးပြုလာကြောင်း သိရသည်။
“ပထမအကြိမ် ထိုးစစ်မှာ စစ်ကြောင်း သုံး ကြောင်း၊ အင်အား ၁၅၀၀ လောက် ပါတာ။ အထိနာပြီး ပြန်ဆုတ်လိုက်ရတာက ကွမ်းတောင်ကနေ အမြင့်ကျွန်းထိပဲ။ အခု ဒုတိယအကြိမ် ထိုးစစ်ကို အပြင်း ထန်ဆုံး ပြုလုပ်လာတာက အမြင့်ကျွန်းနဲ့ ရွှေမင်းဂံဘက်ကနေပဲ အင်အား ၁၀၀၀ ကျော်တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရ စစ်တပ်သည် ပါဒလိတ်ဘက်မှနေ၍ အမြင့်ကျွန်းဘက်သို့လည်းကောင်း၊ ရွှေမင်းဂံမှ ခမောင်းတောဘက်သို့လည်းကောင်း အင်အားအလုံးအရင်း ဖြည့်တင်း၍ ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။ အာရက္ခတပ်တော် (AA) ကလည်း တန်ပြန်ထိုးစစ်ဖြင့် အပြင်းအထန် ပြန်လည် တိုက်ခိုက်ထားသဖြင့် စစ်တပ်ဘက်မှ အထိနာကာ ဒဏ်ရာရရှိသူများကို စစ်တွေမြို့ဘက်သို့ သယ်ထုတ် နေရကြောင်း သိရသည်။
ရွေးတုအစိုးရ စစ်တပ်၏ ဒုတိယအကြိမ် ပုဏ္ဏားကျွန်း ထိုးစစ်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ အမြင့်ကျွန်းဘက်မှနေ၍ ကွမ်းတောင်ကျေးရွာဘက်သို့ ဦးတည်ကာ အင်အား ၁၀၀၀ ခန့်ဖြင့် စတင် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ငပြီကျွန်း တိုက်ပွဲတွင်လည်း ရွေးတုအစိုးရ စစ်တပ်၏ ခမရ-၃၅၄ စစ်ကြောင်းမှာ အင်အား ထက်ဝက်ခန့် ပြုန်းတီးသွားခဲ့ပြီး နောက်ထပ် အင်အား ၁၈၀ ကျော်ပါဝင်သည့် ခမရ -၃၄၄ စစ်ကြောင်း ကမ်းတက်လာသဖြင့် အဆိုပါ စစ်ကြောင်းများ ကျွန်းအရှေ့ဘက်သို့ မရောက်ရှိနိုင်စေရန် အာရက္ခ တပ်တော် (AA) က ပိတ်ဆို့ တိုက်ခိုက်ထားကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်