ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ ညောင်ကျိုးစစ်မျက်နှာတွင် လက်နက်ကြီး ပစ်ခတ်မှုများ ပြန်လည်ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ညောင်ကျိုးရိုး ဆင်လန်တွင် ခြေကုပ်ယူထားသည့် စစ်တပ် စစ်ကြောင်းများဘက်မှ လှုပ်ရှားမှု မရှိသေးသော်လည်း ရိုးအခြေ သူရဲတန်းကြိုးဝိုင်းအတွင်း၌မူ ပွိုင့် ၆၆၆ စခန်းကုန်းဘက်သို့ လက်နက်ကြီး ပစ်ကူရယူ၍ တပ်ဖြန့် ရွေ့လျားမှုများ ပြုလုပ်လျက်ရှိသည်။

ပန်းတောင်းတပ်နယ်အတွင်း၌ အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စကခ (၁၀) တပ်မမှူး ကိုယ်တိုင် သေဆုံးခဲ့ရပြီးနောက်ပိုင်း အဆိုပါ တပ်မမှူး၏ လက်အောက်ခံတပ်များ ပြန် လည်ဆုတ်ခွာသွားခဲ့သဖြင့် မြေပြင်တွင် တိုက်ပွဲကြီးကြီးမားမား ထပ်မံဖြစ်ပွားခြင်း မရှိတော့ပေ။
ယင်းသို့ စကခ (၁၀) တပ်များ စစ်ဦးကျိုးကာ ပြန်ဆုတ်သွားသဖြင့် အစားထိုး အင်အားဖြည့်တင်းရန် ရောက်ရှိလာသည့် ပန်းတောင်းအခြေစိုက် ခလရ (၉၂) မှ စစ်တက္ကသိုလ် အပတ်စဉ် (၅၂) ဆင်း ဗိုလ်မှူး ဝေကမ္ဘာစိုးသည်လည်း ဆင်လန်ဘက်ခြမ်း တိုက်ပွဲအတွင်း လက်နက်ကြီးစ ထိမှန်၍ သေဆုံးခဲ့သည်။
စစ်တပ်အနေဖြင့် AA ထိန်းချုပ်ထားသည့် ကပစ (၁၆) အနီးရှိ ပွိုင့် (၆၆၆) စခန်းကို ပြန်လည်ရရှိရန် အင်အား ၂၀၀ ကျော်သုံးပြီး ထိုးစစ်ဆင်ခဲ့သော်လည်း အထိနာကာ ဆုတ်ခွာခဲ့ရပြီး၊ ယင်းနောက်ပိုင်း ညောင်ကျိုးစစ်မျက်နှာ၌ ယခုကဲ့သို့ လက်နက်ကြီး ပစ်ကူများဖြင့် အင်အားပြန်လည် တပ်ဖြန့်လာခြင်းဖြစ်သည်။