နိုဝင်ဘာ ၈ ရက်
ဧရာဝတီတိုင်းမ်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်ရှိ စက်မှုဇုန်အတွင်း ဟာကာ အထည်ချုပ်စက်ရုံ အနောက်ထောင့် အမှိုက်ပုံ၌ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်းတစ်လောင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရုပ်အလောင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်လာရောက် သိမ်းဆည်းစဉ် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူမှာ အသက် (၂၀) ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ရုပ်အလောင်းတွင် ထိုးသွင်းဒဏ်ရာများ အများအပြား တွေ့ရှိရသည့်အပြင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
သေဆုံးသူ အမျိုးသမီးသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရုပ်အလောင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုလည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် အလယ်ကုန်းတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး စစ်တပ် အာဏာလုပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု သိသိသာသာ ကင်းမဲ့လာခြင်းကြောင့် ဒေသခံ ပြည်သူများမှာ မိမိတို့၏ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။