ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းတွင် အင်းတော်ဘက်မှ ဆင်းလာသည့် ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ယူဆောင်ခြင်းနှင့် ဒေသခံ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်တွင် အင်းတော်ဘက်မှ အင်အား အလုံးအရင်းဖြင့် ရွှေဘို-မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် စစ်ကြောင်း သုံးကြောင်းခွဲကာ ကောလင်း မြို့နယ်အရှေ့ခြမ်းသို့ ထိုးဖောက် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

“စစ်ကြောင်းတွေ ရှေ့တိုးသွားပေမယ့် ခံသာ၊ ချဉ်ပစ်ခုံ၊ ပုစဉ်းသာ ဘက်မှာ တပ်ဖြန့်ထားခဲ့တာရှိတယ်။ ရွာစဉ်လှည့်ပြီး ဆိုလာတွေကအစ ဖြုတ်ခိုးပြီး ကားတွေနဲ့တင်သွားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ် ‎စစ်ကြောင်းသည် စတင်ဝင်ရောက်စဉ် လမ်းတစ်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ ယခုအချိန်တွင် ခံသာ-မင်းကုန်းရွာအတွင်း ဆက်လက် တပ်စွဲထားပြီး ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် သစ်ဖုလတောင်ခြေတစ်ဝိုက်နှင့် တောင်မော်တောင်ရိုးမှတစ်ဆင့် တောင်မော်ကျေးရွာ အတွင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဝန်းသိုမြို့နယ် ဒိုးဒုတ်ရွာသို့ ဝင်ရောက်လာပြီး ကျောက်တန်းနှင့် တောင်မော်ဘက်တွင်လည်း ဆက်လက် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရရှိသည့် သတင်းအချက်အလက်များအရ ညောင်ပင်သာနှင့် အင်းတက်ဘက်မှ အပြစ်မဲ့ ပြည်သူ လေးဦး (ကျား သုံး ဦး၊ မ တစ် ဦး) အထိ သတ်ဖြတ်ခံထားရပြီး ညောင်ပင်သာမှ ကျောက်တန်းသို့ ဝင်ရောက် လာသည့် ကား ရှစ် စီးသည် ခိုးရာပါ ပစ္စည်းများနှင့် လူနာများ တင်ဆောင်ကာ ဝန်းသိုဘက်သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်။