ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ရေးထိုးစစ်များကြောင့် ရွေးတုအစိုးရ စစ်တပ်သည် ဆက်စပ် စစ်မျက်နှာ ၁၄ ခုအထိ ဖြန့်ကျက်ကာ ဘက်ပေါင်းစုံမှ ရင်ဆိုင်ခုခံနေရကြောင်း သတင်းရင်းမြစ်များနှင့် စစ်ရေးလေ့လာသူများထံမှ သိရသည်။

လက်ရှိ ရခိုင်ဒေသနှင့် ဆက်စပ် စစ်မျက်နှာများတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ မကွေးတိုင်း နတ်ရေကန်နှင့် မင်းတုန်း စစ်မျက်နှာ၊ ပဲခူးတိုင်း ညောင်ကျိုးရိုးပေါ်နှင့် သူရဲတန်းကြိုးဝိုင်း၊ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ အပါအဝင် ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော (ဝီရဌာနီ) စသည့် စုစုပေါင်း စစ်မျက်နှာ ၁၄ ခု၌ တစ်ပြိုင်နက်တည်း အပြင်း အထန် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ပဲခူး ညောင်ကျိုးဘက်ကလည်း အခု လက်နက်ကြီး အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲအခြေအနေ လှုပ်ရှားလာတယ်။ ရွေးတုအစိုးရ စစ်တပ်ဘက်က အင်အားဖြည့်ထားတာတွေ ရှိပြီး ဘက်စုံကနေ AA ကို ရင်ဆိုင် ထိတွေ့နေရတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်မျက်နှာများတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) စသည့် စစ်တိုင်းမှူး ငါး ဦးအထိ ပါဝင်ကွပ်ကဲနေပြီး ကြည်း၊ ရေ၊ လေ တပ်များ ပူးပေါင်းကာ တိုက်စစ်ဆင် ခုခံနေရခြင်း ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

ရွေးတုအစိုးရ စစ်တပ်သည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပါဝင်သော ရခိုင်ဒေသ မြို့နယ် ၁၄ ခု ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း တန်ပြန်တိုက်စစ် ဖွင့်ခဲ့သော်လည်း ယခုအခါ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များကို နှစ်နှစ်ကျော်ကြာ အကြိတ်အနယ် တန်ပြန် ခုခံနေရသည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ထို့ပြင် စစ်တွေတပ်နယ်စွန်သို့ တပ်မ (၁၀၁) ရောက်ရှိလာချိန်တွင် မူလ ခံစစ်သေ တည်ဆောက်ထားရာမှ လှုပ်ရှားခံစစ်သို့ ပြောင်းလဲ လုပ်ဆောင်လာသည်ကို တွေ့ရပြီး လက်ရှိတွင် စစ်တွေတပ်နယ်မှနေ၍ AA သိမ်းပိုက်ထားသည့် ပုဏ္ဏားကျွန်းနှင့် ပေါက်တောရှိ ငပြီကျွန်းတို့ကို ပထမလှိုင်း၊ ဒုတိယလှိုင်း အင်အားအလုံးအရင်း သုံးစွဲကာ ထိုးစစ်ဆင်နေသော်လည်း အထိနာလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်