ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြိုနယ်၊ ကျုံပျော်မြို့နယ်အကြားရှိ ရှားခဲကျေးရွာမှ “ရွှေအိမ်စံ” ရွှေဆိုင်တွင် နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းအချိန်က သေနတ်ပြ ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ငွေကြေးအချို့ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ရွှေဆိုင်မှာ ဦးခင်အောင် ပိုင်ဆိုင်သော ရွှေဆိုင်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် သေနတ် နှစ် ချက်ခန့် ပစ်ဖောက်ကာ ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ရှားခဲကျေးရွာမှ ဒေသခံများကပြောသည်။

“သေနတ်နှစ်လက်နဲ့ ဓားပြလာတိုက်တာ၊ ကလစ်ဆိုင်ကယ်နဲ့ လာတာ။ မနေ့ကတော့ ရဲတွေက ကလစ်စီးတဲ့သူတွေကို လိုက်လံစစ်ဆေးတာမျိုးတွေ လုပ်နေတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူက သက်ဆိုင်ရာသို့ တိုင်ကြားထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဆိုပါ ရွှေဆိုင်မှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အလားတူ ပြီးခဲ့ အောက်တိုဘာ ၅ ရက်တွင်လည်း ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ အမှတ် ၄၂ ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ စိတ်တိုင်းကျ အိမ်ဆောက်ပစ္စည်းဆိုင်တွင် ပိုင်ရှင်ကိုသတ်ပြီး ပစ္စည်းလုယက်မှုဖြစ်ခဲ့ကာ တရားခံ သုံးယောက်လုံးကို ဖမ်းဆီးရမိခဲ့သည်။

မကြာသေးခင်ကလည်း ရန်ကုန်မြို့ လမ်းမတော် ၂လမ်းတွင် မနက်ပိုင်းက ဓားပြတိုက်ခံရသဖြင့် ဝင်ရောက်ကူညီတိုက်ခိုက်ပေးသူအသတ်ခံရသည့်ဖြစ်စည် တစ်ခုဖြစ်ပွားပြီး ကျူးလွန်သူများကို ဖမ်းမိပြီဟု ထုတ်ပြန်ထားသည်။