ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

စစ်အာဏာသိမ်းပြီးဖျက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၎င်းတို့အုပ်ချုပ်ရေး တည်မြဲစေရန် စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ပြင်ဆင်ရေးဟူသော ခေါင်းစဉ်ဖြင့် လက်အောက်ခံ ရွေးတုလွှတ်တော်သို့ တင်သွင်းကာ ပုံသွင်းလုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်တည်လာသော ပြည်ထောင်စုရွေးတုလွှတ်တော်တွင် ထိုဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၄၃ ချက်ကို ပြင်ဆင်ရေးအတွက် နိုဝင်ဘာ ၅ ရက်က ဆွေးနွေးကာ လေ့လာသုံးသပ်၍ ဥပဒေကြမ်းပြုစုရန် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။

စစ်အုပ်စုနှင့် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ ကြီးစိုးဦးဆောင်ထားသည့် ရွေးတုလွှတ်တော်အနေဖြင့် ယခုကဲ့သို့ ဆွေးနွေးဖွဲ့စည်းခြင်းမှာ ဇူလိုင် ၁ ရက်က ရွေးတုသမ္မတ ပေးပို့လာခြင်းကြောင့်ဖြစ်ပြီး စစ်အာဏာစက်အပါအဝင် အုပ်ချုပ်ရေး တည်မြဲစေရေးအတွက် ပုံသွင်းပြင်ဆင်မှုဖြစ်ကြောင်း သိရသည်။

အဆိုပါ ၄၃ ချက်ကို ရွေးတုအစိုးရ၏ ငြိမ်းချမ်းရေးအမည်ခံ တပ်ကိုယ်စားလှယ်အဖွဲ့နှင့် ယခင်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ထိတွေ့ဆက်ဆံနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၊ ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများ ဆွေးနွေးထားခြင်းဖြစ်သည်။

ထိုပြင်ဆင်လိုသော အချက်များမှာ နိုင်ငံတော်အခြေခံမူများ (အခန်း ၁)၊ သမ္မတဖြစ်ခွင့်အပါအဝင် နိုင်ငံတော်အကြီးအကဲ အရည်အချင်း (အခန်း ၃) စသည့် ပုဒ်မ ၄၃၆ (က) နှင့် သက်ဆိုင်သော ၁၆ ချက်၊ တပ်ချုပ်ခန့်အပ်မှု၊ အုပ်ချုပ်ရေး စသည့် ပုဒ်မ ၄၃၆ (ခ) နှင့် သက်ဆိုင်သည့် ၂၇ ချက်တို့ဖြစ်သည်။

ယင်းအနက် သမ္မတဖြစ်ခွင့် အရည်အချင်း ပုဒ်မဖြစ်သော ၅၉ (ဂ)(ဃ) နှင့် ပတ်သက်၍ ပြင်ဆင်ရန် ပြုလုပ်ထားမှုမှာ နဂိုထက် မကွာခြားဘဲ အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဆိုသော နေရာ၌ “အနည်းဆုံး” ဆိုသည့် စကားရပ်ကို ဖြုတ်လိုခြင်းနှင့် စစ်ရေးအမြင် ရှိရမည်ဆိုသည့်အစား “ကာကွယ်ရေး” ဟူ၍ ပြောင်းလိုခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတို့တပ်နှင့် ပတ်သက်၍လည်း ပုဒ်မ၂၀ (က) တွင် မူလစာသားနေရာ၌ “တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်၍” ဟု ဖြည့်စွက်ကာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက် ခေတ်မီတစ်ခုတည်းသော မျိုးချစ်တပ်မတော်အဖြစ် ပြင်ဆင်ရန်ဖြစ်ကြောင်း ထွက်ပေါ်လာသည့် အချက်အလက်များအရ သိရသည်။

သို့သော် တစ်ချိန်က NLD ပါတီ တင်ပြလာမှုကို ပယ်ချ၍ ၎င်းတို့တပ်ကိုယ်စားလှယ်များ ပြန်လည်တောင်းဆိုခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ ဒေသလွှတ်တော်များမှ တိုက်ရိုက်ရွေးချယ်မည့် ပုဒ်မ ၂၆၁ ကို ဆွေးနွေးစဉ်၌ အကြမ်းဖျင်း ပါဝင်၍ ပြင်ဆင်ရန်တွင်မူ ထည့်သွင်းမထားကြောင်း သိရသည်။

အလားတူ သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) အခန်းကဏ္ဍများဖြစ်သည့် ပုဒ်မ ၃၂၂ (ခ) (ဇ)၊ ပုဒ်မ ၄၀၂၊ ၄၀၃ စသည်တို့ကိုလည်း ရွေးတုသမ္မတ အလိုတော်ကျ ပြင်ဆင်ပြောင်းလဲထား၍ ချုပ်ကိုင်ထားကြောင်း သိရသည်။

ဓာတ်ပုံ MOI