ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုမှုတွေကို ထိုင်း အလုပ်သမားဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။

မူရင်းနိုင်ငံနဲ့ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ရေးလုပ်ငန်းစဉ် ဆက်လက် လိုအပ်နေသေးတယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်း အလုပ်သမားဝန်ကြီး ဂျူလာဖွန်အမွန်ဝိဝတ်က ကိုယ်ရေးအချက်အလက်တွေနဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို မူရင်းနိုင်ငံဘက်က အတည်ပြုပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတစ်ခုတည်းက စိစစ်ပါက လူမှားယွင်းမှုတွေ ဖြစ်ပေါ်နိုင်ပြီး လုံခြုံရေး စိစစ်မှုကိုပါ ထိခိုက်နိုင်တယ်လို့ ၎င်းက ပြောပါတယ်။

ဒီလုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ မြန်မာနဲ့ ဆွေးနွေးသွားမယ်လို့ သူက ဆိုပါတယ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ CI စာရွက်စာတမ်း မရမီ ၎င်းတို့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲရမည်ဆိုတဲ့ စည်းကမ်းကို ထိုင်းက ကန့်ကွက်ထားပါတယ်။

ဒီအချက်နဲ့ ၃ လမှ ၆ လစာ လစာလွှဲဖြတ်ပိုင်းတွေ တင်ပြခိုင်းတဲ့ မြန်မာရဲ့ တောင်းဆိုချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရားဝင် ကန့်ကွက်စာ ပေးပို့မယ်လို့ ဂျူလာဖွန်က ပြောပါတယ်။

ဒီလို တောင်းဆိုချက်ဟာ မတရားတဲ့အပြင် အလုပ်သမားတွေ ပြည်ပမာ အလုပ်လုပ်ကိုင်ခွင့်၊ ရပိုင်ခွင့်တွေကိုပါ ချိုးဖောက်နေတယ်လို့ ထို၎င်းက ထောက်ပြပါတယ်။

ပြည်သူ့ပါတီမှ လွှတ်တော်အမတ် ဆာဟာဆာဝတ်ခွန်ခေါင်ကမူ CI စာရွက်စာတမ်းတွေဟာ နိုင်ငံသားအပြည့်အဝဖြစ်ကြောင်း သက်သေမပြနိုင်လို့ CI လုပ်ငန်းစဉ်ကို ဖျက်သိမ်းသင့်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားတွေရဲ့ လက်ဗွေနဲ့ အချက်အလက်တွေကို ကိုယ်တိုင် ကောက်ယူပြီး လူဝင်မှုကြီးကြပ်ရေး ဒေတာဘေ့စ်နဲ့ ချိတ်ဆက်ထားနိုင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာရဲ့ အတည်ပြုချက်ကို စောင့်စရာ မလိုဘဲ အလုပ်သမားတွေကို One Stop Service စင်တာတွေမှတစ်ဆင့် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ထုတ်ပေးတဲ့စနစ်ကို ပြန်သုံးသင့်တယ်လို့ ၎င်းက ပြောပါတယ်။

News: Bangkok Post
Ref; Ministry won’t scrap CI for migrants