ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

 

ပိုလန်နိုင်ငံတောင်ပိုင်း၊ ကရာကော့ဝ်မြို့မှာ လက်ယာစွန်း အယူဝါဒ လွှမ်းမိုးခံထားရသူ သေနတ်သမားတစ်ဦးက လူ ၆ ဦးကို ပစ်သတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်နိုင်တယ်လို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

သေနတ်သမားရဲ့ နေအိမ်မှာလည်း နောက်ထပ် အလောင်း ၃ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ကရာကော့ဝ်မြို့လယ်ခေါင်မှာ သွေးပျက်ဖွယ် ပစ်ခတ်မှုဖြစ်ပွားပြီး အလောင်းတွေ ပြန့်ကျဲနေတဲ့ မြင်ကွင်းကြောင့် တစ်နိုင်ငံလုံး အကြီးအကျယ် တုန်လှုပ်သွားပါတယ်။

 

ပိုလန်ဟာ ဥရောပအနောက်ပိုင်း နိုင်ငံတွေလို အကြမ်းဖက်မှုမျိုးမရှိဘဲ ဘေးကင်းလုံခြုံတဲ့ နိုင်ငံလို့ သတ်မှတ်ခံထားရပါတယ်။

ယခုပစ်ခတ်မှုဟာ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ဓားထိုးမှုတွေနဲ့အတူ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကို ပိုမို မြင့်တက်စေခဲ့ပါတယ်။

 

တိုက်ခိုက်သူဟာ လက်ယာစွန်း အယူဝါဒ လွှမ်းမိုးမှု ခံထားရတာ ဖြစ်နိုင်ပြီး လုံခြုံရေးအဖွဲ့တွေက စုံစမ်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီး မာချင်ကီယာဗင်းစကီးက ပြောပါတယ်။

 

သေဆုံးသူတွေထဲမှာ ဗြိတိန်နိုင်ငံသားတစ်ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူ နိုင်ငံခြားသား ၅ ဦးထဲမှာတော့ ဩစတြီးယား၊ ဂျာမနီ၊ ပေါ်တူဂီ၊ ရုရှားနဲ့ ဗြိတိန်နိုင်ငံသားတွေ ပါဝင်နေပါတယ်။

 

သေနတ်သမားရဲ့ နေအိမ်မှာလည်း အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပြီး သေနတ်သမားရဲ့ မိသားစုဝင်တွေ ဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်ခ်က ပြောပါတယ်။

 

အသက် ၂၄ နှစ်အရွယ် သေနတ်သမားဟာ စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး AR-15 လက်နက်ကို အသုံးပြုကာ ကားပေါ်ကနေ လမ်းသွားလမ်းလာတွေကို လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

 

ပစ်ခတ်မှု သတင်းရပြီး ၃ မိနစ်အတွင်း ရဲတပ်ဖွဲ့က သေနတ်သမားကို ဖမ်းဆီးနိုင်ခဲ့တာကြောင့် ဒီထက်မက ကြီးမားတဲ့ ပစ်ခတ်မှုမျိုး မဖြစ်အောင် တားဆီးနိုင်ခဲ့တာပါ။

 

အခု ဖြစ်စဉ်ကြောင့် ပိုလန်သမ္မတ ကာရောလ်နာဗရောစကီးက နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေကို ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်လိုက်ပါတယ်။

 

News: Reuters
Ref; Poland in shock after 6 die in Krakow mass shooting