ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာလ ၁၁ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလုံတွီရွာတွင် စစ်ကောင်စီတပ်က ပြည်သူအချို့ကို ဖမ်းဆီးနှိပ်စက်ကာ မီးရှို့သတ်ဖြတ်ခဲ့ပြီး လူသားဒိုင်းအဖြစ်ဖမ်းဆီးထားသော ပြည်သူ ၉ ဦးနှင့် မိသားစုဝင်များအဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံများထံမှသိရသည်။
PDFဝတ်စုံများဝတ်ဆင်ထားသော စစ်ကောင်စီတပ်များသည် မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်မှ မင်းတပ်မြို့နယ်၊ ပလုံတွီကျေးရွာထဲသို့ နိုဝင်ဘာလ ၉ ရက်နေ့က ရုတ်တရုတ်ဝင်ရောက်လာကာ ကျေးရွာခံပြည်သူလူထုများနှင့် စစ်ဘေးရှောင်ပြည်သူစုစုပေါင်း ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက်မှ ပြည်သူအချို့ကို နှိပ်စက်ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း CDF-Mindatက ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
PDFအယောင်အဆောင်ဖြင့် မင်းတပ်မြို့နယ်၊ ပလုံတွီကျေးရွာသို့ ဝင်ရောက်လာကြသော စစ်ကောင်စီတပ်ကို CDF-Mindatက တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးထားသော ပြည်သူများကို လူသားဒိုင်းအဖြစ် အကာအကွယ်ပြုနေ
မှုကြောင့် စစ်ဆင်ရေးပြုလုပ်ရန် အခက်ကြုံနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“စစ်ကောင်စီတပ်တွေက ပြည်သူ ၁ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုပြီးတော့ ယမန်နေ့မှာ ပလုံတွီကျေးရွာကနေ ထီးလင်းနယ်ဘက်ကို တပ်ဆုတ်သွားပါပြီ။ စစ်ကောင်စီတပ်တွေ ဆုတ်ခွာပြီးတော့ CDF-Mindatက နယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့အခါမှာ လူမဆန်စွာ မီးရှို့သတ်ဖြတ်ထားတဲ့ အလောင်းတွေကို တွေ့ရှိထားပါတယ်။ အရေအတွက်ကတော့ အတိအကျမသိရသေးဘူး။ ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၉ ဦးကို ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ မီးရှို့သတ်ဖြတ်ခံထားရတဲ့ သူတွေထဲမှာ အဆက်သွယ်ပျက်နေတဲ့ ဖမ်းဆီးခံပြည်သူ ၉ ဦးလည်း ပါဝင်နိုင်တယ်လို့ ယူဆရပါတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးထားပြီး အဆက်အသွယ်ပျက်နေသော ပြည်သူလူထုများကို CDF-Mindatက တောနင်းရှာမှုများပြုလုပ်နေပြီး ဓားစာခံကျေးရွာပြည်သူလူထုများနှင့် စစ်ဘေးရှောင်ပြည်သူများကိုလည်း လုံခြုံရာသို့ ရွေ့ပြောင်းပေးခဲ့ပြီဖြစ်ကြောင်း CDF-Mindatထံမှ သိရသည်။
ထီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်များသည် အထုပ်အပိုးများပြင်ဆင်နေကြောင်းသိရပြီး ထီးလင်းမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့တွင် ပြည်သူလူထုများအနေဖြင့် သွားလာခြင်းမပြုလုပ်ကြရန် CDF-Mindat က သတိပေးထုတ်ပြန်ထားသည်။
၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းကလည်း မင်းတပ်မြို့နယ်၊ ပလုံတွီကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက်လာပြီး ကျေးရွာနေပြည်သူလူထုများ၏ နေအိမ်များကို ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ဓာတ်ပုံ – CDF- Mindat
#မင်းတပ် #စစ်ကောင်စီတပ် #သတ်ဖြတ် #လူသားဒိုင်း #အဆက်အသွယ်ပြတ်တေက်
#Ayeyarwaddy_Times