အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ကျိုက်လတ်)၊ နိုဝင်ဘာလ ၁၁ ရက်
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ နိုဝင်ဘာလ ၁၀ ရက် မနေ့ညပိုင်းက စစ်ကောင်စီသတင်းပေး ၁ ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရသူဟာ စစ်ကောင်စီသတင်းပေး ပျူစောထီး မျိုးသူ(ခ) ကိုသူ ဆိုသူဖြစ်ပြီး အမှတ် ၁ ရပ်ကွက်၊ ၂၃ လမ်းမှာရှိနေချိန် အမည်မသိ လက်နက်ကိုင်တွေက လာရောက်ပြီး သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ ည ၈ နာရီလောက်မှာလာပစ်သွားတာ အားလုံးသေနတ်သံ ၄ ချက်လောက်ကြားတယ် သေ မသေတော့ မသိရသေးဘူး အရေးပေါ်ကားနဲ့တော့ လာခေါ်သွားတယ်။ရန်ကုန်ပို့လိုက်ရတယ်လို့ပြောကြတယ်။ ”လို့ ကျိုက်လတ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ စစ်ကောင်စီသတင်းပေး မျိုးသူ(ခ) ကိုသူ ဆိုသူဟာ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦးလည်းဖြစ်ပြီး ၄င်းရဲ့ရင်အုံကို သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခံရပေမယ့် ကျည်ကာဝတ်ဆင်ထားတာကြောင့် ပစ်ခတ်သူတွေက ပေါင်နဲ့ လက်မောင်းတွေကို သေနတ်နဲ့၂ချက်ထပ်မံပစ်ခတ်သွားတာလို့ ဒေသခံတွေဆီကပြောဆိုပါတယ်။
စစ်ကောင်စီသတင်းပေးပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ရဲတွေက ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူက အရင်ကဆိုင်ကယ်ကယ်ရီမောင်းတာ စစ်ကောင်စီလက်ထက်မှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဒလန်လုပ်ကိုင်နေတာ စစ်ကောင်စီလက်ထက်ရောက်မှ ရေယာဥ် လမ်း ကြောင်းရုံးမှာ ရေယာဉ် ဥက္ကဌ ဖြစ်ပြီး မြစ်ကျောင်းအတွင်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေကို ဆက် ကြေးကောက်ပြီးမထင်ရင်မထင်သလို ဗိုလ်ကျစိုးမိုးနေတဲ့သူ”လို့ တအခြားဒေသခံတစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီကဖွဲ့ထားတဲ့ ကျိုက်လတ်မြို့ ပြည် သူ့စစ်အဖွဲ့တွင်လည်း ခေါင်းဆောင်တစ်ယောက်အဖြစ်ပါ၀င်လုပ်ကိုင်နေပြီး ကျိုက်လတ်မြို့တွင်းဖမ်းဆီးမူများတွင် အဓိက ဒလန်သတင်းပေးလုပ်ကိုင်နေသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။
#ကျိုက်လတ် #စစ်ကောင်စီသတင်းပေး #ပျူစောထီး #ပစ်ခတ်ခံရ #Ayeyarwaddy_Times