ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်

ကရင်ပြည်နယ်၊မြဝတီခရိုင်၊ ဝေါလေဒေသအတွင်း နေရာတချို့ကို ယနေ့ နိုဝင်ဘာလ ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်မှ နေ့လည် ၁ နာရီအထိ စစ်ကောင်စီတပ်က Mi -35 P အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၂ ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်းကော်ဘရာစစ်ကြောင်းထံကသိရသည်။

ကရင့်ပူးပေါင်းတပ်ဖွဲ့များရှိနိုင်မည်ဟူယူဆသည့်ဘလက် တိုကျေးရွာနှင့် အနီးဝန်းကျင်နေရာများသို့ တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သော် လည်း တော်လှန်ရေးရဲဘော်များဘက်မှထိခိုက်မရှိကြောင်းသိရသည်။

” လာပစ်တာက ၂ ခါလာပစ်တာပေါ့၊ သူတို့ပစ်သွားတဲ့နေရာတွေက စခန်းတွေနဲ့ ရဲဘော်တွေရှိနိုင်တယ်လို့ယူဆပြီးရမ်းသမ်းပစ်သွားပုံရတယ်။ထိခိုက်တာမျိုးတော့ မရှိဘူး” ဟု ကော်ဘရာဒုစစ်ကြောင်းမှူး ဗိုလ်ကြီး စောကော်ကဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်နေစဥ်အတွင်း MPA ATR (42) အမျိုးအစား ကင်းထောက် လေယာဉ်ဖြင့် လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး ကျေးရွာအနီးဝန်းကျင်ဒေသများပျံသန်းကင်းထောက်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင်စစ်ကောင်စီတပ်၏လေကြောင်းပစ်ခတ်မှုနှင့် ကင်းထောက်လှမ်းမှုများအပြင် လက်နက်ကြီးများဖြင့်ပစ်ခတ်နေမှုများကြောင့် သေ့ဘော့ဘိုးရွာဒေသခံများရွာလုံးကျွတ်နီးပါးဘေးလွတ်ရာကိုရှောင်တိမ်းနေရသည်ဟုဆိုသည်။

” ရဟတ်ယာဥ်နဲ့ ပစ်တာနဲ့ ရွာတွေကို ကင်းပတ်ကြည့်တာရော၊ နောက် ၁၂၀ မမ တွေနဲ့ပစ်တာရောဆို​တေ့ာ အခု သေ့ဘော့ဘိုးကရွာခံတွေကတော့ ကြောက်လန့်ပြီးရွာကနေပြေးကုန်ကြပြီ၊ ရွာလုံးကျွတ်နီးပါးဘဲပြေးကြတယ်။ ပြောင်းချိုးနေတဲ့ကြားကနေအကုန်ထားခဲ့ပြီးပြေးကြတာ။ သေ့ဘော့ဘိုးက အရင်ထဲကစခန်းသိမ်းခံထားရတော့ စစ်ကောင်စီဘက်ကအဲ့ဒီရွာကို ပစ်မှတ်ထားလာမှာကြောင့်လို့ထင်တယ်” ဟု ၄င်းကဆက်လက်ပြောသည်။

ဝေါလေဒေသအတွင်း စစ်ကောင်စီ၏ တပ်မ (၄၄) လက် အောက်ခံ တပ်များနှင့် KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ လုံခြုံ ရေးစစ်ကြောင်း တပ်ခွဲ (၂) ၊ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့စသည့်ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းတပ်ဖွဲ့များ၏ ဗုံးကြဲတိုက် ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေ ဆုံးမှုများ ရှိသော်လည်း အရေအတွက် အတိအကျအား စစ်မြေပြင်အခြေအနေများအရ အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – Cobra Column
#ဝေါလေ #ကော်ဘရာစစ်ကြောင်း #ပူးပေါင်းတပ်ဖွဲ့ #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက်မှု #ဒေသခံများ #ထွက်ပြေးတိမ်းရှောင်နေရ #Ayeyarwaddy_Times