ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် သင်ဖြူးဖျာ ရက်လုပ်သူတွေသူ ကုန်ကြမ်းစျေးနှုန်းမြင့်တက်မှုကြောင့် ဝင်ငွေနည်းပါးကာ စားဝတ်နေရေး ကြပ်တည်းကြကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သင်ဖြူဖျာရက်လုပ်ရန် ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ဝင်ငွေနည်းပါးခြင်းကြောင့် စားဝတ်နေရေးကြပ်တည်းလာနေကြောင်း သင်ဖြူဖျားရက်လုပ်သူ ၎င်းတို့ထံမှ သိရသည်။

“ယခင်က သင်ဖျာလုပ်ငန်းက ကုန်ကြမ်းကို ဈေးအတန်သင့်နဲ့ဝယ်ပြီး ကုန်ချောပြန်ဖြစ်တဲ့ ဖျာများကို ပြန်ရောင်းတဲ့အခါ ရတဲ့ဝင်ငွေက စားဝတ်နေရေးအတွက် လုံလောက်တယ်။ အခုက ကုန်ကြမ်းက ဈေးကြီးပြီး ကုန်ချောလုပ်ရတဲ့အခါ အလုပ်သမားက ရှားတဲ့အပြင် ဈေးက အရင်ထက်နှစ်ဆတက်လာတယ်၊ပြန်ရောင်းတဲ့အမြတ်ကလဲ ယခင်အတိုင်းဘဲ မြတ်တော့ အခုကုန်ဈေးနှုန်းနဲ့ဆို အဆင်မပြေဘူး၊အခုဆို နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတာများတဲ့အတွက် ဒေသထွက်ကုန်ဖြစ်တဲ့ဖျာလုပ်ငန်းလဲ တဖြည်းဖြည်း လျော့ကျလာတယ်”ဟု ပန်းတနော်မြို့ခံ သင်ဖျာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရန်ကုန် – ပုသိမ် ကားလမ်းဘေးရှိ ​ပန်းတနော်မြို့မှ ဒေသခံအများစုမှာ သင်ဖြူးဖျာလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်ပြီး လက်ရှိတွင် ကုန်ကြမ်းစျေးမြင့်တက်နေသည့်အပြင် ရောင်းအားပါ ကျဆင်းနေကြောင်း သိရသည်။

“ကျွန်တော်တို့က အရင်က ရောဂါကြောင့် အရောင်းဝယ်မကောင်းခဲ့သလို အခုက နိုင်ငံရဲ့ စီးပွားရေး ကြပ်တည်းမှုကြောင့် ရောင်းအားကျဆင်းလာတယ်။ ကျွန်တော်တို့ ကုန်ကလဲ လူသုံးကုန်ဖြစ်တဲ့အတွက် လူတွေက စားဖို့ဘဲ အဓိကရုန်းကန်နေကြရတာလေ။ ဈေးလဲ တင်ရောင်းဖို့က မဖြစ်နိုင်တော့ အောက်ခြေက လုပ်ကိုင်တဲ့သူတွေတော့ အခက်ခဲရှိနေကြတာပေါ့ဗျာ”ဟု သင်ဖြူးဖျာ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယခုနှစ်တွင် သင်ပင်များပိုးကျခြင်း၊ သင်များမကောင်းခြင်းကြောင့် ယခင်နှစ်များထက် အထွက်နှုန်းနည်းပါးသည့်အပြင် ရောင်းအားပါ ကျဆင်းလျှက်ရှိနေကြောင်း ပန်းတနော်မြို့ခံ သင်ဖြူးဖျာအရောင်းဆိုင်များထံမှ သိရသည်။

#ပန်းတနော် #သင်ဖြူးဖျာ #ရက်လုပ် #ဝင်ငွေနည်းပါး #ကုန်စျေးနှုန်း
#Ayeyarwaddy_Times