‎​ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၆ရက်

‎​စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကောလင်းမြို့နယ်ရှိ ကျေးရွာဆေးရုံတစ်ခုအား စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာန၏ ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံ ဆရာဝန် အပါအဝင် ကျန်းမာရေးဝန်ထမ်း နှစ်ဦး ကျဆုံးပြီး ငါး ဦး ဒဏ်ရာရရှိခဲ့ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

‎ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းက ကောလင်းမြို့နယ်အရှေ့ခြမ်း၊ လျှော်ဖြူကုန်းကျေးရွာရှိ ပြည်သူ့ဆေးရုံအား စစ်အုပ်စုက ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‎​အဆိုပါ တိုက်ခိုက်မှုကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာန၊ ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံဖြစ်သူ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခ) ဆရာပွကြီး (အသက် ၃၈ နှစ်) နှင့် Grade 12 အောင်မြင်ပြီး ဆေးတက္ကသိုလ်တက်ရောက်ရန် လျှောက်ထားဆဲဖြစ်သူ ကျန်းမာရေးဝန်ထမ်း မောင်ထက်သူအောင် (အသက် ၁၉ နှစ်) တို့ ကျဆုံးခဲ့ရကာ အခြားကျန်းမာရေးဝန်ထမ်း ငါး ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

‎​စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစ၍ ယခု ၂၀၂၆ ခုနှစ်တိုင်အောင် စစ်တပ်သည် ဆေးရုံဆေးခန်းများကို ပစ်မှတ်ထား၍ လေကြောင်း၊ ဒရုန်း၊ Gyrocopter၊ Paramotor စက်တပ်လေထီးများနှင့် မြေပြင်စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို အရှိန်အဟုန်တိုးမြှင့် ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎​Insecurity Insight အဖွဲ့၏ Global Health Map အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံအတွင်း ကျန်းမာရေးကဏ္ဍအပေါ် စစ်တပ်၏ တိုက်ခိုက်မှုပေါင်း ၁,၉၇၇ ခု ရှိခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် ဆေးရုံဆေးခန်း ၅၂၁ ခု ထိခိုက်ပျက်စီးခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၁၇၆ ဦး သတ်ဖြတ်ခံခဲ့ရကာ ၉၉၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

‎​NUG ကျန်းမာရေးဝန်ကြီးဌာနက ရွေးတုအစိုးရစစ်တပ်၏ ယခုကဲ့သို့ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအပေါ် တမင်သက်သက် ပစ်မှတ်ထားတိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

‎​ထို့အပြင် ကျဆုံးသွားရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးသွားမည်ဖြစ်ပြီး ကျူးလွန်သူများကို တရားဥပဒေအတိုင်း ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

‎နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း အပြစ်မဲ့ပြည်သူများနှင့် ကျန်းမာရေးကဏ္ဍအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို လစ်လျူမရှုဘဲ ထိရောက်စွာ တားဆီးအရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက အလေးအနက် တိုက်တွန်းတောင်းဆိုထားသည်။

ဓာတ်ပုံ-ကောလင်းမြို့ (ပုံဟောင်း)