ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

ခုခံတော်လှန်မှုများကြောင့် စစ်ရေးပြင်းထန်နေ၍ စစ်အုပ်ချုပ်ရေး ကြေညာထားသော ဒေသများအပါအဝင် လစ်လပ်နေရာများတွင် လာမည့် ၂၀၂၇ ခုနှစ်၊ ဧပြီပထမအပတ်၌ အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက ဆိုသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၅-၂၀၂၆ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်းထားသော ရွေးတုအစိုးရသည် ၎င်းတို့၏ ရွေးတုလွှတ်တော်များ၌ လစ်လပ်နေသည့် အမတ်နေရာ၊ မဲဆန္ဒနယ် ၅၅ နယ်အတွက် ကြားဖြတ်ပြုလုပ်သွားမည်ဟု ယမန်နေ့ နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်လာသည်။

ရွေးတုအစိုးရ လက်အောက်ခံ အတုအယောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၇ ခုနှစ်၊ ဧပြီ ၄ ရက် (တနင်္ဂနွေနေ့) တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးတု နေရာများထဲ စစ်ရေးပြင်းထန်နေသော ကချင်၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ရှမ်း စသည့်ဒေသများ ပါဝင်နေသည်။

ထို့အပြင် ၎င်းတို့ထိန်းချုပ်မရသဖြင့် စစ်အုပ်ချုပ်ရေး ကြေညာထားသော အင်းတော်၊ ကောလင်း၊ ပုလဲ စသည့်မြို့နယ်များနှင့် ထိုးစစ်ဆင် ဗုံးကြဲမီးရှို့၍ ပြန်လည်ရယူ စိုးမိုးနိုင်သည်ဟု ယူဆထားသော တွန်းဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ ယင်းမာပင်၊ တန့်ဆည်၊ မြိတ် စသည်တို့ ပါဝင်ကြောင်း သိရသည်။

အလားတူ ၎င်းတို့ထိန်းချုပ်ထားသော ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ပြင်ဦးလွင်၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ တာမွေ၊ ကိုကိုးကျွန်း၊ လှိုင်သာယာ (အနောက်ပိုင်း)၊ မအူပင် စသည့်မြို့နယ်များလည်း ပါဝင်နေပြီး ထိုနေရာများမှာ ရွေးတုအစိုးရအဖွဲ့ထဲ ရောက်ရှိသွား၍ လစ်လပ်နေခြင်းဖြစ်သည်။

ယင်းတို့ကို မဲဆန္ဒနယ်အားဖြင့်ဆိုလျှင် နိုင်သူအကုန်လုံးယူ (FPTP) စနစ်များအတွက် ပြည်သူ့လွှတ်တော် ၃၄ နေရာ၊အမျိုးသားလွှတ်တော်တွင် ကချင်၊ ချင်း၊ ပဲခူး၊ မန္တလေး စုစုပေါင်း ငါး‌နေရာနှင့်တိုင်း/ပြည်နယ်လွှတ်တော် ၁၆ နေတို့ရာဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် ၎င်းတို့ထိန်းချုပ်ထားနိုင်သော နေရာဒေသ တစ်ချို့မှလွဲ၍ ကြားဖြတ်ရွေးတု ပြုလုပ်သွားမည့် မြို့နယ်အများစု၌ စစ်ရေးပြင်းထန် ဖြစ်ပွားနေကာ ရွေးတုအစိုးရတပ်နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားနေပြီး ထွက်ပြေးခိုလှုံ ပူးပေါင်းလာမှုများရှိကြောင်း သတင်းများအရ သိရသည်။

ဓာတ်ပုံ – MOI