ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

 

စူပါအယ်လ်နီညိုသက်ရောက်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် အပူချိန်မြှင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ပထမ ၁၀ ရက်ပတ်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ လေဖိအားနည်းရပ်‌ဝန်း တစ်ကြိမ်ပေါ်နိုင်ကြောင်းလည်းပါဝင်သည်။

 

လာမည့် ၂ ရက်မှ ၄ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ ဇလ ထုတ်ပြန်သည်။

ထို့ပြင် လာမည့် ၅ ရက်မှ ၈ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာ၀တီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးထစ်ချုန်းရွာနိုင်မည် ဖြစ်သည်။

 

ထို့ပြင် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နိုဝင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်သော်လည်း အခြားတိုင်းနှင့်ပြည်နယ်တိုင်းတွင် နိုဝင်ဘာလ၏ ပျှမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီကရီဆဲလ်စီးယပ်အထက်ပိုနိုင်ကြောင်းသိရသည်။

 

လက်ရှိစူပါအယ်လ်နီညိုကာလထဲရောက်လာသောကြောင့် နေ့အပူချိန်နှင့် ညအပူချိန်များမြင့်တက်၍ မြို့ကြီးအချို့တွင် စံချိန်တင်အပူချိန်အသစ်များဖြစ်ပေါ်နေသည်။

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း ၆၈ ကျော်ကြာမှ အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၆ ဒသမ ၂ ဒီကရီဆဲလ်စီးယပ် မှ ၃၆ ဒသမ ၈ ဒီကရီဆဲလ်စီးယပ်သို့မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည်။

 

ရာသီဥတုအေးမြလေ့ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့တွင် နှစ်ပေါင်း ၄၇ ခုနှစ်ကျော်မှအပူချိန်စံချိန်သစ်တင်ကာ ၃၁ ဒသမ သုည ဒီကရီဆဲလ်စီးယပ်မှ ယခု ၃၁ ဒသမ ၈ ဒီကရီဆဲလ်စီးယပ်ဖြစ်ပေါ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်