ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

 

မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ဖက်ဒရယ်ဒီမိုကရေစီ‌ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်‌တော်အမတ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော SCEF ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နိုဝင်ဘာ ၅ ရက်တွင် “Myanmar’s Path to a Federal Democratic Union: SCEF’s Role and Opportunities for the Republic of Korea” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ထောက်ခံပေးရုံသာမက လက်တွေ့ကျသော အားပေးကူညီမှုများ ဆောင်ရွက်စေလိုပြီး ပြည်တွင်းနှင့် နယ်စပ်ဒေသတလျှောက်တွင် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို SCEF နှင့် ချိတ်ဆက်ဆောင်ရွက်စေလိုဟု ပြောသည်။

 

ယင်းကဲ့သို့ ချိတ်ဆက်၍ နယ်မြေထိန်းချုပ်ထားနိုင်သော SCEF အဖွဲ့ဝင်များမှတဆင့် ကူညီပေးနိုင်အောင် ကြိုးစားစေလိုပြီး ကိုရီးယား-အာဆီယံ ဆက်ဆံရေးမှတဆင့် ဒီမိုကရေစီရေး တွန်းအားပေးမှုအား တိုးမြှင့်စေလိုကြောင်း အဓိကထား တင်ပြဆွေးနွေးခဲ့ဟု SCEF ထုတ်ပြန်ချက်အရ သိရသည်။

ထိုဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ် အီယုန်ဆွန်း၊ Rebuilding Korea Party အမတ် ဂင်ဂျွန်းဟျောင်း၊ လွှတ်တော်နိုင်ငံခြားရေးနှင့်ငြိမ်းချမ်းရေးဖိုရမ်တို့မှ ကမကထပြု ကျင်းပခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေ၊ SCEF ဖွဲ့စည်းမှု၊ ရည်မှန်းချက်၊ လက်တွေ့ဖြစ်ထွန်းမှု စသည်တို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

SCEF အနေဖြင့် အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်သော NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNPP အတွင်းရေးမှူး (၁) အပြင် ကရင်နီ IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ Neineh Plo၊ CNF အထွေထွေအတွင်းရေးမှူး Salai Thla Hei၊ ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင် NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တက်ရောက်ကြောင်း သိရသည်။

 

ထို့အတူ ဆွေး‌နွေးပွဲ သဘာပတိအဖြစ် Dong-A တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ဝန်းဒုံအု (Won Dong-uk) က ဆောင်ရွက်ပြီး ၎င်းနှင့် လွှတ်တော်အမတ်များ မေးမြန်းမှုများကို SCEF ကိုယ်စားလှယ်များမှ ပြန်လည်ဖြေကြားသလို ထောက်ခံအကူအညီပေးရေး ကိုရီးယားအစိုးရ၊ လွှတ်တော်သို့လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – SCEF