ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့၌ ရွေးတုအစိုးရ စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ရွေးတုအစိုးရ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ အများအပြား ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေမြို့အနီး ရွေးတုအစိုးရ စစ်တပ်၏ ရွှေမင်းဂံ ရေတပ်စခန်း ပတ်ဝန်းကျင်၌ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။
“ရွှေမင်းဂံ ရေတပ်စခန်း အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်နေတာပါ။ ရွေးတုအစိုးရ စစ်တပ်ဘက်က အထိနာနေတာလည်း ဟုတ်တယ်။ ခုခံအင်အား မလုံလောက်လို့ ထပ်ဖြည့်နေပြီး ခမောင်းတောဘက်မှာလည်း တိုက်ပွဲတွေ ရှိနေတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရ စစ်တပ်သည် ပါဒလိတ်ဘက်မှနေ၍ အမြင့်ကျွန်းဘက်သို့လည်းကောင်း၊ ရွှေမင်းဂံမှ ခမောင်းတောဘက်သို့လည်းကောင်း အင်အားအလုံးအရင်း ဖြည့်တင်း၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
အာရက္ခတပ်တော် (AA) ကလည်း ရွှေမင်းဂံ တပ်စခန်းအနီးရှိ ဇော်မဒက်၊ ခမောင်းတောနှင့် ရဲရိုးပြင်တို့မှနေ၍ ဝင်ရောက် တိုက်ခိုက်နေသဖြင့် ရွေးတုအစိုးရ စစ်တပ်ဘက်က အထိနာလျက်ရှိပြီး ဒဏ်ရာရရှိသည့် စစ်တပ် တပ်ဖွဲ့ဝင်များကို မဆရ (၈) နှင့် စစ်တွေ ဆေးရုံကြီးတို့တွင် တင်ပို့ ကုသနေရကြောင်း သိရသည်။
အလားတူ ပုဏ္ဏားကျွန်း နယ်စပ်၌လည်း ရွေးတုအစိုးရ စစ်တပ်က မြေပြင်ထိုးစစ်အပြင် လေကြောင်း ပစ်ကူများကိုပါ အသုံးပြု၍ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ထိုးစစ်ဆင်နေသဖြင့် မင်းချောင်းတံတား အနီးတွင် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
အဆိုပါ ထိုးစစ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်ကတည်းက အမြင့်ကျွန်းဘက်မှနေ၍ ပုဏ္ဏားကျွန်း နယ်စပ်သို့ အင်အားအလုံးအရင်းဖြင့် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက် ညပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးငူနှင့် ကျောက်ဆိပ် ဘက်သို့ ရွေးတုအစိုးရ စစ်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင်၊ မြေပြင်တွင်လည်း ကွမ်းတောင်ကျေးရွာကို ဦးတည်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ် ပြန်ဆင်လာနေကြောင်း သိရသည်။
ဓာတ်ပုံ – AA Info Desk