ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
ဒီဇင်ဘာလမှစပြီး လုပ်ခလစာတွေ ပြင်ဆင်သတ်မှတ်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်ထားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ နိုဝင်ဘာ ၅ ရက်မှာ ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြမှုတွေကြောင့် အထည်ချုပ်စက်ရုံ အများအပြား ယာယီ ရပ်ဆိုင်းခဲ့ရသလို ကမ္ဘာ့ဒုတိယ အထည်ချုပ်စက်ရုံ ပို့ကုန်အများဆုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုန်စည်တင်ပို့မှုတွေလည်း ကြန့်ကြာနိုင်ကြောင်း စိုးရိမ်မှုများ ထွက်ပေါ်နေပါတယ်။
မြို့တော် ဒါကာအနီး အာရှူးလီးယား အထည်ချုပ်စက်ရုံဇုန်မှာ အလုပ်သမားတွေဟာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းမှာ အလုပ်ခွင် ပုံမှန် ဝင်ရောက်ခဲ့ပေမယ့် နောက်ပိုင်း လမ်းမကြီးတွေကို ပိတ်ဆို့ကာ တိုးမြှင့်ပေးမယ့် လုပ်ခလစာ ပမာဏကို တိကျစွာ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ခြင်း၊ လုံခြုံရေး ယာဉ်တွေကို ဖျက်ဆီးခြင်း ပြုလုပ်ခဲ့လို့ မျက်ရည်ယိုဗုံးနဲ့ အသံဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့ရကြောင်း အထည်ချုပ်စက်ရုံဇုန် ရဲမှူးကြီး မိုဟာမက် မိုမင်နူးလ်အစ္စလာမ်ဘူယန်က ပြောပါတယ်။
အထည်ချုပ်စက်ရုံ ၁၀၀ ကျော် လုပ်ငန်းတွေ ခေတ္တ ရပ်ဆိုင်းခဲ့ရပြီး အကြမ်းဖက်မှုတွေ မဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေ ဖြန့်ကျက်ခဲ့ပါတယ်။
လုပ်ခလစာ ပြင်ဆင်ရေးဘုတ်အဖွဲ့ဟာ ဒီဇင်ဘာလမှစပြီး နှုန်းထားသစ်ကို စတင် ကျင့်သုံးဖို့ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ပေမယ့် တိုးမြှင့်ပေးမယ့် ပမာဏကို အတည်မပြုရသေးပါဘူး။
အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ လက်ရှိ ရရှိနေတဲ့ အနည်းဆုံး လုပ်ခလစာ တာကာ ၁၂,၅၀၀ ထက် နှစ်ဆကျော် တာကာ ၃၀,၀၀၀ အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေပါတယ်။
ကုန်ဈေးနှုန်း၊ အိမ်ငှားခနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေ မြင့်တက်လာလို့ လက်ရှိ လစာနဲ့ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍဟာ နိုင်ငံပို့ကုန်ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော်ကို ရှာဖွေပေးနေပြီး အလုပ်သမား ၄ သန်းခန့်ကို အလုပ်အကိုင် ပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ H&M၊ Zara မိခင်ကုမ္ပဏီ Inditex နဲ့ Walmart စတဲ့ ကမ္ဘာ့ အဓိက အမှတ်တံဆိပ်ကြီးတွေထံ အထည်ချုပ်ပစ္စည်းတွေ တင်ပို့နေပါတယ်။
မတည်ငြိမ်မှုတွေကြောင့် အော်ဒါများပြားတဲ့ကာလမှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ကြောင်း အထည်ချုပ်စက်ရုံ ပိုင်ရှင်တွေက သတိပေးထားပါတယ်။
News: Reuters
Ref; Bangladesh garment protests continue despite wage board move