ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
မြောက်ကိုရီးယားနိုင်ငံကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အစီအမံတွေ ချမှတ်ရမယ့် အန္တရာယ်ရှိ နိုင်ငံစာရင်းမှာ ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့ (FATF) ရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချလိုက်ပါတယ်။
ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ စေ့ဆော်မှုများ ပါဝင်နေပြီး FATF အနေနဲ့ အမေရိကန်ရဲ့ မြောက်ကိုရီးယားအပေါ် ရန်လိုသော မူဝါဒကို အကောင်အထည်ဖော်ပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲပါတယ်။
ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ငွေတုလုပ်ငန်း လုပ်ကိုင်မှု စွပ်စွဲချက်တွေဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ မသက်ဆိုင်ဘဲ အမေရိကန်နဲ့ မဟာမိတ်တွေက မြောက်ကိုရီးယားကို ပုံဖျက်ဖို့ ဖန်တီးထားခြင်းသာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ပါရီမြို့အခြေစိုက် FATF က အောက်တိုဘာ ၃၀ ရက်မှာ မြောက်ကိုရီးယားနိုင်ငံအား အန္တရာယ်ရှိ နိုင်ငံတွေစာရင်းတွင် ၁၆ နှစ်ဆက်တိုက် ဆက်လက်ထားရှိကြောင်း ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးမှာ သိသာထင်ရှားတဲ့ အားနည်းချက်တွေ ရှိနေဆဲလို့ FATF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သော လက်နက်တွေ ထုတ်လုပ်ဖို့ ငွေကြေးထောက်ပံ့ခြင်းနဲ့ ပတ်သက်ပြီး ပြင်းထန်သော အန္တရာယ်တွေကို ဖြစ်စေကြောင်း FATF က ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ မြောက်ကိုရီးယားဘဏ်တွေနဲ့ သတင်းအချက်အလက်ဖလှယ်မှု ရပ်စဲဖို့၊ ဘဏ်ခွဲတွေနဲ့ လုပ်ငန်းခွဲတွေကို ပိတ်သိမ်းဖို့နဲ့ ငွေကြေးဆိုင်ရာ အရောင်းအဝယ်ပြုလုပ်မှုတွေကို ကန့်သတ်ဖို့ FATF က တိုက်တွန်းပါတယ်။
မြောက်ကိုရီးယား၊ အီရန်နဲ့ မြန်မာနိုင်ငံတို့ဟာ FATF ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက် ပါဝင်နေပါတယ်။
News: Reuters
Ref; North Korea condemns financial task force decision to keep it on crime blacklist