ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို ရွေးတုအစိုးရ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လေး လအရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အရပ်သား ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီကျော်အချိန်တွင် မိတ္ထီလာ လေတပ်စခန်းမှ တက်လာသည့် ရွေးတုအစိုးရ စစ်တပ်၏ ဂျက်ဖိုက်တာ တစ်စီးသည် နန်းကျားကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာမှ ကိုယ်ဝန် လေး လ ရှိနေသည့် အသက် (၃၅) နှစ်အရွယ် ဒေါ်သဲသဲမွန်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး အရပ်သား ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ပြည်သူများ၏ နေအိမ် အများအပြားလည်း ထိခိုက်ပျက်စီး ခဲ့ရသည်။
“ရခိုင်ကို ဗုံးကြဲတာ ၅ ရက်ဆက်တိုက် ရှိသွားပြီ။ မြောက်ဦးကတော့ ၂ ကြိမ်မြောက်ပဲ။ ဒဏ်ရာရတဲ့ သူတွေလည်း အများကြီးပဲ” ဟု ရခိုင် ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီ ဆေးကုခန်းနှင့် အမျိုးသမီး သားဖွားဆောင်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်နှင့် ပန်းဖဲချောင်းကျေးရွာများကို ဆက်သွယ်ထားသည့် ပြည်သူသုံး တံတားတစ်စင်း အပါအဝင် ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာ၊ ဝီရဌာနေ မြို့ပေါ်နှင့် ရွာချောင်းကြီးကျေးရွာများကိုပါ ရွေးတုအစိုးရ စစ်တပ်က ဂျက်တိုက်လေယာဉ် များဖြင့် တစ်မြို့ပြီးတစ်မြို့ လှည့်ပတ် ဗုံးကြဲခဲ့သည်။
ထိုသို့ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ ၁ ရက်နေ့ တစ်ရက် တည်း၌ပင် မွေးကင်းစ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး ၁ နှစ်အထက် ကလေးငယ်များနှင့် လူကြီးလူငယ် စုစုပေါင်း ၃၂ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဓာတ်ပုံ – One Nation News