ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

 

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနီး လွယ်ယင်းတောင်ခြေတွင် စစ်တပ်နှင့်ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ကရှမ်းတောင်-ကယား(ကရင်နီ)စစ်တိုင်း၊ နည်းဗျူဟာအမှတ်(၁၁)၏ ကွပ်ကဲမှုအောက်ရှိ DMOPDF အမှတ်(၁၁၀၂) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲမေတစ်ဦး နိုဝင်ဘာ ၂ ရက်နေ့က လွယ်ယင်းတောင်ခြေတိုက်ပွဲတွင် ကျဆုံး‌ခဲ့ကြောင်း သိရသည်။

 

ကျဆုံးခဲ့သည့် အသက် ၁၈ နှစ်အရွယ် ရဲမေအယ်ဗလင်း(ကိုယ်ပိုင်အမှတ် P3-1102597) သည် တိုက်ပွဲအတွင်းတာဝန်ထမ်းဆောင်စဉ် မြင့်မြတ်စွာကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒီးမော့ဆိုPDF က ထုတ်ပြန်ခဲ့သည်။

ရဲဘော်အယ်ဗလင်း၏ ဈာပနအခမ်းအနားကို သူမ၏မိသားစုဝင်များ၊ သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့တာဝန်ရှိသူများက နိုဝင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ကြသည်။

 

“စစ်အာဏာရှင်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြင့်မြတ်စွာအသက်ပေးခဲ့ရသော ရဲဘော် အယ်ဗလင်းအား ကျွန်ုပ်တို့ DMOPDF အမှတ် (၁၁၀၂)တပ်ရင်း ရဲဘော်ရဲဘက်များသည် ကျန်ရစ်သောမိသားစုများနှင့်အတူ ထပ်တူအထူးဝမ်းနည်းကြေကွဲရပါသည်” ဟု ဒီးမော့ဆိုPDFက ထုတ်ပြန်ထားသည်။

 

အလားတူ အသက် ၁၈ နှစ်အရွယ် ရဲ‌ဘော်ဂျွန်စကို(ကိုယ်ပိုင်အမှတ် P3-1102600) သည်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က အဆိုပါလွယ်ယင်းတောင်ခြေတိုက်ပွဲတွင် တာဝန်ထမ်းဆောင်နေစဉ် ကျဆုံးခဲ့ကြောင်း ဒီးမော့ဆိုPDF ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – Demawso PDF-1102၊ လူမှုကွန်ရက်