‎ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
‎

ရွေးတုအစိုးရသည် လက်ရှိလည်ပတ်နေသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကိုထိန်းသိမ်းနိုင်ခြင်းမရှိသောကြောင့် လူသုံးကုန်ပစ္စည်းများစွာထုတ်လုပ်ဖြန့်ဖြူးနေသည့် ယူနီလီဗာကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‎

ယူနီလီဗာ (Unilever) သည် မြန်မာနိုင်ငံရှိ ဖက်စပ်ကုမ္ပဏီ အစုရှယ်ယာများကိုရောင်းချမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် အရောင်းအဝယ်အပြီးသတ်နိုင်မည်ဖြစ်ကြောင်း Reuters သတင်းဌာနတွင်ဖော်ပြထားသည်။

‎
‎”ယူနီလီဗာအနေနဲ့ Unilever EAC Myanmar Company Limited (UEMCL) မှာ ပါဝင်တဲ့ ၎င်းရဲ့ အစုရှယ်ယာတွေကို ဒေသတွင်း ဖက်စပ်မိတ်ဖက်ဖြစ်တဲ့ Europe and Asia Commercial Company Limited (EAC) ရဲ့ လက်အောက်ခံကုမ္ပဏီ Centig Holding Company Limited ထံ ရောင်းချဖို့ သဘောတူညီခဲ့တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု ယူနီလီဗာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာန၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားထားကြောင်းသိရသည်။
‎

‎အဆိုပါ အရောင်းအဝယ်ဆိုင်ရာ ငွေကြေးပမာဏ ပမာဏကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ရောင်းချမှုအပြီးသတ်ရန် ၂၀၂၇ ခုနှစ်တွင် မျှော်လင့်ထားပြီး ဥပဒေနှင့် စည်းမျဉ်းဆိုင်ရာ အတည်ပြုချက်များ ရယူရန် ကျန်ရှိနေသေးကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

” Unilever က ထုတ်တဲ့ဆပ်ပြာတို့ သွားတိုက်ဆေးတို့က အရင်လို ကုန်သွားတာနဲ့ဝယ်မရဘူး။ ပစ္စည်းရှားတယ်။ တစ်ခါပစ္စည်းပြတ်သွားရင် တစ်လလောက်ကြာတယ်။ Elan ပန်းကန်ဆေးရည်ဆိုပါတော့ အခုသုံးလို့ကုန်သွားရင် နောက်ထပ်ဝယ်မယ်ဆို ပစ္စည်းမရှိဘူး။ အခုမြင်အခုပျောက်ကုန်တွေ” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
‎

လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် ထိပ်သီးကုမ္ပဏီကြီးဖြစ်သော ယူနီလီဗာသည် စစ်ပွဲဒဏ်ခံနေရသည့် အရှေ့တောင်အာရှနိုင်ငံဖြစ်သော မြန်မာနိုင်ငံ၌ ရွေးတုအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ကြိုးပမ်းနေသော်လည်း ဖက်စပ်လုပ်ငန်းများမှနှုတ်ထွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

‎
လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့စျေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့သည့် ယူနီလီဗာသည် ၂၀၁၇ ခုနှစ်တွင် EAC နှင့် ဖက်စပ်လုပ်ငန်း သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
‎

ရွေးတုအစိုးရ မင်းအောင်လှိုင်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရရှိရန် အရှေ့တောင်အာရှနိုင်ငံများအပါအဝင် ရုရှား၊ ဘယ်လာရုဇ်နိုင်ငံများသို့သွားရောက်ခဲ့သည်။
‎

ကိုးကား – Reuters
ref: Unilever to sell Myanmar joint venture stake, deal expected to close in 2027
‎ဓာတ်ပုံ – လူမှုကွန်ရက်