ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

 

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၎င်းတို့ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည်ပေးပို့ရမည်ဆိုသည့် ရွေးတုအစိုးရ၏ သတ်မှတ်ချက်မှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ဆန့်ကျင်နေပြီး ၎င်းကို ကန့်ကွက်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ယနေ့ နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

 

ထိုသို့ဝင်ငွေခွန်နှင့် လစာ ၂၅ ရာခိုင်နှုန်းပြည်တွင်းပြန်ပို့ရေး သတ်မှတ်ချက်များကြောင့် CIမပြုလုပ်ရ‌ရေးအတွက် တောင်းဆိုနေကြသည့် ထိုင်းရောက်မြန်မာအလုပ်သမားများ၏တောင်းဆိုချက်နှင့်ပတ်သတ်ပြီးမူ ထိုင်းအလုပ်သမားရေးဝန်ကြီးက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စင်တာများ ဆက်လက်တည်ရှိရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

CI ပြုလုပ်ပေးသည့် စင်တာများပိတ်သိမ်းကာ ပန်းရောင်ကတ်များဖြင့်သာ နေထိုင်လုပ်ကိုင်နိုင်ရန် တောင်းဆိုချက်များရှိသော်လည်း အလုပ်သမားများ၏ အထောက်အထားကို စီစစ်ရာတွင် မိခင်နိုင်ငံ၏ အိမ်ထောင်စုစာရင်း၊မှတ်ပုံတင်နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data)များ လိုအပ်သည့်အတွက် CI စင်တာများကို ဆက်လက်ဖွင့်လှစ်ထားမည်‌ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအနေဖြင့် မိခင်နိုင်ငံ၏အချက်အလက်မရှိပဲ တစ်ဖက်သတ်စီစစ်ပါက အထောက်အထားအတုအပပြုလုပ်နိုင်သည့် အန္တရာယ်ရှိကြောင်း စသည့်ဖြင့် ထိုင်းအလုပ်သမားဝန်ကြီးက ယနေ့တွင်ပြုလုပ်ခဲ့သည့် နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒကော်မတီအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

CI စာအုပ် ပြုလုပ်ရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ ၎င်းတို့၏ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာသို့ပေးပို့ထားသည့် အထောက်အထားနှင့် ပြီးခဲ့သည့် သုံး လမှ ခြောက်လအတွင်းရရှိသည့် လုပ်ခလစာဖြတ်ပိုင်းများကို ပေးအပ်ရမည့် ရွေးတုအစိုး၏သတ်မှတ်ချက်ကို ထိုင်းနိုင်ငံကစိုးရိမ်ကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာသံအမတ်ကြီးနှင့် နှစ် ကြိမ်တိုင် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

 

ထို့ပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာသံရုံးနှင့် မြန်မာနိုင်ငံရှိ အလုပ်သမားဆိုင်ရာတာဝန်ရှိသူများထံသို့ တရားဝင်ကန့်ကွက်စာ ပေးပို့သွားရန်ရှိကြောင်းလည်း သိရသည်။

 

အဆိုပါအစည်းအဝေးမှတဆင့် ထိုင်းအစိုးရသည် လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီနှင့်မတ်လအတွင်း သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့်(Work Permit)များကို ၂၀၂၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ တိုးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။

ကိုးကား – Khaosod English