ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ နိုဝင်ဘာလ ၁၀ ရက်

ချင်းပြည်နယ် ဖလမ်းမြို့တွင် လတ်တလော ကာလအတွင်း မွေးမြူရေး ဝက် ၁၀ ကောင်ခန့် နားနှင့် နှာခေါင်းတို့မှ သွေးထွက်ကာ သေဆုံးမှု ဖြစ်ပွားကြောင်း ဒေသခံများ ထံမှ သိရသည်။

ဝက်နာကျ ကူးစက် ရောဂါကြောင့်ဟု ယူဆရကာ ပြီးခဲ့သည့် အောက်တိုဘာလ လကုန်ပိုင်းမှ စတင်၍ ရောဂါရှိသော ဝက်များတွင် နားနှင့် နှာခေါင်းတို့မှ သွေးထွက်ပြီး သေဆုံးကြခြင်း ဖြစ်ကြောင်း ဝက်မွေးမြူသော ဒေသခံများက ပြောဆိုကြသည်။

ဒေသခံ တိရစ္ဆာန်ဆရာဝန် တစ်ဦးက“အခု ဝက်တွေသေဆုံးတာက ရာသီ အပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်တယ်။ ကူးစက်ရောဂါကြောင့်လည်း ဖြစ်နိုင်တယ်၊ အတိကျတော့ မပြောနိုင်ဘူး။ ဒီရောဂါက ကူးစက်တာ မြန်တယ်။ ကူးပြီ ဆိုရင်လည်း သေဆုံးတာ လျင်မြန်တယ်။ ဆေးထိုးပေးတယ်။ ဒါပေမယ့် ရောဂါကူးပြီးတဲ့ ဝက်က ဆေးထိုးတာ ဘာမှ မထူးဘူး။ ၂ ရက်၊ ၃ ရက်ဆိုရင် သေတာပဲ”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အပတ်က ကလေးမြို့ဘက်ကနေ သယ်ယူလာသော ဝက်တချို့ နား၊ နှာခေါင်း တို့ကနေ သွေးထွက်ပြီး ကားပေါ်မှာတင် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ဝက်မွေးမြူသူ အမျိုးသမီး တစ်ဦးကလည်း ပြောပြသည်။

“အဲ့ဒီလိုမျိုးနဲ့ ကျွန်မတို့ဝက်တွေ ရောဂါ ကူးလာတာလားတော့ မပြောတတ်ဘူး။ မကူးစက်အောင်တော့ သတိထားပြီး ဝက်စာကျွေးနေတာပဲ။ ကူးပြီးသားဝက်က ပြန်သက်သာလာတာတော့ မရှိသေးဘူး”ဟုလည်း ၎င်းက ပြောသည်။

ဖလမ်းမြို့တွင် ထိုသို့ ဝက်သေဆုံးမှုများ ရှိနေသော်လည်း လက်ရှိ ဝက်သားများ ရောင်းချလျက်ရှိကာ ပုံမှန်ဈေး ၁ ပိဿာကို ၁၂၀၀၀ ကျပ်ခန့် ရှိကြောင်းလည်း သိရသည်။

အလားတူ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းမှ စတင်ပြီး ဝက်နာကျ ကူးစက်ရောဂါဟု ယူဆရသော ရောဂါကြောင့် မွေးမြူရေးဝက် များစွာ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးသည်။

ဟားခါး ဒေသခံ အမျိုးသား တစ်ဦးက“အခုတလော ဟားခါးမြို့မှာ ဝက်နာကျရောဂါကြောင့် ဝက်သေဆုံးမှု မြင့်တက် လာတယ်ပေါ့ နော်။ တိရစ္ဆာန်ဆရာဝန် တချို့နဲ့ ဝက်အကြောင်း နားလည်တဲ့ သူတွေရဲ့ လမ်းညွှန်ချက်အတိုင်း ကြိုတင် ကာကွယ် ကုသမှုတွေ ကြိုးစားပြီး လုပ်ဆောင်နေကြပေမယ့် အခုချိန်ထိတော့ ကာကွယ်ကုသလို့ မရနိုင်သေးဘူးပေါ့နော်။ သေဆုံးမှုတွေက ဆက်လက် မြင့်တက်နေပါတယ်။ ဟားခါးမြို့ထဲမှာပဲ ဝက်အကောင်ရေ ၁၀၀ နီးပါး သေဆုံးသွားပါပြီ”ဟု ဧရာဝတီ တိုင်းမ်ကို ပြောဆိုထားသည်။

ချင်းပြည်နယ်တွင် ဝက်နာကျ ကူးစက်ရောဂါကြောင့် ဝက်သေဆုံးမှု နည်းပါးသော်လည်း ယခုဖြစ်ပွားနေသော ရောဂါသည် ကူးစက်မှု မြန်ဆန်ပြီး ဝက်သေဆုံးမှုလည်း လျင်မြန်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ချင်းပြည်နယ်နှင့် ထိစပ်နေသော အိန္ဒိယနိုင်ငံ မီဇိုပြည်နယ်တွင် ဝက်နာကျ ရောဂါကြောင့် အလုံးအရင်းနှင့် ဝက်သေဆုံးမှု ဖြစ်ပွားနေရာ ဝက်များကို သတိထား ဝယ်ယူကြရန် ဝက်မွေးမြူသူလည်း ဖြစ်သည့် ဟားခါးမြို့ ဒေသခံ တိရစ္ဆာန်ကု ဆရာဝန် အမျိုးသမီး တစ်ဦးကလည်း ပြောဆိုထားသည်။

ယခု ဝက်များတွင် ဖြစ်ပွားနေသော ရောဂါကို အတိအကျ မသိရှိရသေးကြောင်း ဝက်နာကျ ရောဂါဟု ယူဆရကြောင်း လည်း ဆိုသည်။

ချင်းပြည်နယ်တွင် တပိုင်တနိုင် စီးပွားရေးအဖြစ် ဝက်များ မွေးမြူနေကြရာ ဝက်နာကျရောဂါကို ကြိုတင် ကာကွယ်နိုင်ခြင်း မရှိဘဲ ဝက်သေဆုံးမှု ဆက်လက် များပြားလာပါက စီးပွားရေး ထိခိုက်လာနိုင်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်ကလည်း ဝက်နာကျ ရောဂါ ဖြစ်ဖူးကြောင်း တနိုင်တပိုင် ဝက်မွေးသူများက ပြောကြားသည်။

ထိုသို့ ဟားခါးမြို့တွင် ရောဂါဖြစ်ပွားပြီး ဝက်များ သေဆုံးမှုကြောင့် ဒေသခံပြည်သူများကြား ဝက်သား ဝယ်ယူ စားသုံးရန် စိုးရိမ်နေကြသော်လည်း ဝက်သားဈေး ကျဆင်းလာခြင်း မရှိကြောင်း ဝက်မွေးသူများထံမှ သိရှိရသည်။

#Ayeyarwaddy_Times