
ဧရာဝတီတိုင်းမ်
(သထုံ)၊ နိုဝင်ဘာလ ၁၀ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာတွင် နိုဝင်ဘာလ ၁၀ ရက် နံနက် ၅ နာရီ ၃၀ မိနစ်၌ ပြည်သူအားမတရားဖမ်းဆီးလာသည့် စစ်ကောင်စီကားကို သထုံပြည်သူ့ကာကွယ်ရေးတပ်မှ တားဆီးတိုက်ခိုက်ခဲ့ကြောင်း သထုံ PDF ထံကသိရသည်။
ဝင်းစိန်ကျေးရွာတွင်နေထိုင်သည့် ဒေသခံများအားဖမ်းဆီးလာသည့် လေ့ကျင့်ရေး၉ ဒုတပ်ရင်းမှူးဗိုလ်မှူးချစ်ဝင်းသူဦးဆောင်သည့်ကားအား ကြားဖြတ်တားဆီးပစ်ခတ်ခဲ့ရာ ၃ ဦးသေဆုံးပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားပြီး ဖမ်းဆီးခံပြည်သူများမှာ လွတ်မြောက်ခဲ့ကြောင်း သိရပါသည်။
“သူတို့ကရွာကသူတွေဖမ်းလာတာ၊ ကျွန်တော်တို့ကသတင်းရတော့ အဲ့ဒီနားရှိနေတာနဲ့တားပီး ပစ်ခဲ့တာ၊ သူတို့ဘက်ကပြန်မပစ်နိုင်ဘူး၊ ကားပေါ်ပါလာတဲ့စစ်ကောင်စီဘက်က ၄ ယောက်မှာ ဗိုလ်မှူးအပါ ၃ယောက်သေသွားတယ်၊ တယောက်ကတော့ထွက်ပြေးသွားတယ်၊ ခုတော့သူတို့ဘက်ကအလောင်းတွေပြန်သယ်သွားပြီး ရွာထဲရှာဖွေတာတွေလုပ်နေတယ်”ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
သေဆုံးခဲ့သည့် ဗိုလ်ရင်းမှူးချစ်ဝင်းသူမှာ ထုံးဘိုလေးကျေးရွာမီးရှို့မှုအားအဓိကဦးဆောင်သူဖြစ်ပြီး တက်ကြွလှုပ်ရှားသူများအားဖမ်းဆီးခြင်း၊ မူးယစ်ဆေးမှောင်ခိုနှင့်ကားမှောင်ခိုလုပ်ငန်းများလုပ်ကိုင်နေကြောင်း သိရှိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီမှအင်အား ၅၀ ဝန်းကျင်ဖြင့် အဆိုပါပစ်ခတ်မှုအနီးတွင်ရှာဖွေမှုများပြုလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာလုံခြုံရာသို့ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဒါ့ပြင် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်း ဘီယာဆိုင်ထိုင်နေသည့် ထောင်မှူးကျေးရွာအုပ်စု နယ်ထိန်းအောင်ထွန်းဝင်းအား ပစ်ခတ်ရှင်းလင်းခဲ့ပါသေးသည်။
#Ayeyarwaddy_Times