အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ နိုဝင်ဘာလ ၁၀ ရက်

ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေက စပါးစိုက်တောင်သူ တွေနဲ့တွေ့ဆုံပြီး နေကြာဖိအားပေးစိုက်ခိုင်းကာ မစိုက်တဲ့တောင်သူတွေရဲ့ လယ်ယာမြေတွေကို ပြန်လည် သိမ်းယူမယ်ဆိုပြီး ခြိမ်းခြောက်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

မြို့နယ်အလိုက်မှာရှိတဲ့ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက အောက်တိုဘာလထဲမှာ လယ်သမား တွေနဲ့တွေ့ဆုံပြီး နေကြာပင်တွေစိုက်ဖို့အတွက် ဖိအားပေးပြောဆိုခဲ့တာလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

“ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခေါ်ပြီ နေကြာပင်မဖြစ်မနေစိုက်ရမယ်ဆိုပြီးခိုင်းတာ ခုက ဆောင်းစပါး စိုက်ပျိုးထားတာ နောက်တစ်ခါ နေကြာပင်တွေပါစိုက်ရမယ်ဆိုတော့ အခက်တွေ့နေကြတယ်”လို့ ကျိုက်လတ် မြို့ခံလယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ခုလိုမျိုး စပါးစိုက်တောင်သူတွေကို နေကြာစိုက်ဖို့ ဖိအားပေးခြိမ်းခြောက်ခိုင်းစေနေတာဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် ယတြာချေတဲ့အနေနဲ့ စိုက်ခိုင်းတာဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်မှာ ရှိတဲ့ ဒေသခံတောင်သူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တွေ့ဆုံပြီး နေကြာပင်ကို ဦးစားပေးစိုက်ပျိုးဖို့နဲ့ မစိုက်ပျိုးရင် ဒေသခံတောင်သူတွေရဲ့ လယ်မြေတွေကို ပြန်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ သိရပါတယ်။