
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ နိုဝင်ဘာ၉ရက်နေ့က အမျိုးသမီးငယ်တစ်ဦးကို ရေတွင်းတစ်ခုအတွင်းမှာ သေဆုံးလျက်တွေ့ရှိရတယ်လို့ သိရပါတယ်။
သေဆုံးသူဟာ ပန်းတနော်မြို့၊ အနောက်ပိုင်း ရတနာပုံ(၁)လမ်းမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄ ရက်ခန့်ကတည်း ပျောက်ဆုံးနေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ ပတ်ဝန်းကျင်ကထင်တာတော့ လင်နောက်လိုက်ပြေးတာလို့ပဲ ထင်နေကြတာ။ သူ့မိသားစုကိုတောင် ငွေပို့ပါလို့ SMS ပို့သေးတယ်။ ဒီနေ့မှ သေပြီဆိုတာ သိရတယ်”လို့ ပန်းတနော်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးငယ်ဟာ မိထွေးဖြစ်သူနဲ့ အတူနေထိုင်နေရသူဖြစ်ပြီး သူမရဲ့ရုပ်အလောင်းကို မြို့မအရှေ့ပိုင်းရပ်ကွက်က ရေတွင်းတစ်ခုထဲမှာ ရှာတွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“အလောင်းကတအားကြီး ပုပ်ပွမနေဘူး။ အနံ့တော့ နည်းနည်းထွက်တယ်။ ထင်းခွေထွက်တဲ့ကလေးတွေက တွေ့လို့ ပြောမှသိရတာ။ဘယ်လိုကြောင့်သေဆုံးလဲတော့ အတိကျမသိဘူး”ဟု ရုပ်အလောင်းကို သွားရောက်ဆယ်ယူစဥ်မှာ ပါဝင်ခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရုပ်အလောင်းကိုတော့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ရင်ခွဲရုံမှာ ရင်ခွဲစစ်ဆေးလျှက်ရှိတယ်လို့ သိရပါတယ်။
#ပန်းတနော် #အမျိုးသမီးငယ် #သေဆုံး
#Ayeyarwaddy_Times