ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းစျေးဘူတာရုံလမ်းတွင် ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ညနေ ၄ နာရီခန့်က YBS ၆၁ ယာဥ်ပေါ်ကို သံတုတ်များကိုင်ဆောင်ကာ တက်ရောက်လုယက်ခဲ့သူများကို ယနေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံ မှသိရှိရသည်။

ယမန်နေ့က YBS 61 ယာဉ်ပေါ်သို့ လူတစ်စုမှ ကားပေါ်ရှိ ခရီးသည်များအား သံတုတ်များဖြင့် ခြိမ်းခြောက်ရိုက်နှက်၍ ဖုန်းများ လုယူခဲ့ပြီး ယာဥ်ပေါ်ပါ ခရီးသည်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် လုယက်သူများသည် YBSကားနှင့် ကပ်လျက်ပါလာသည့် Probox အဖြူရောင် အငှားယာဉ်ပေါ်သို့တက်၍ သမိုင်း၇ လမ်းထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

လက်ရှိအချိန်တွင်လုယက်ခဲ့သည့် မင်းသိန်းနိုင်၊ အောင်မျိူးသန့်၊ လှိုင်ဖြိုးမောင်၊ ဖြိုးမောင်၊ မျိုးမင်း အောင်၊ ထွန်းထွန်းဦး၊ အော်ကျော်ဆန်းနှင့် ဝင်းထူး တို့ ၈ ဦးကို ယနေ့ နိုဝင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက လုယက်မှုတွင်အသုံးပြုခဲ့သည့် ပရိုဘောက်ကားဖြင့် ပင်ဖမ်းဆီးရမိခဲ့​ပြီး မရမ်းကုန်းရဲစခန်းတွင် ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

” သူတို့ကို ဒီမနက်ပိုင်းမှာမိလာတာ၊ ဘယ်ကနေမိလာတာလဲတော့မသိဘူး။ မရမ်းကုန်းစခန်းထဲမှာချုပ်ဘဲထားတယ်” လို့ မရမ်းကုန်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးက ဧရာ ဝတီတိုင်းမ်ကိုပြောသည်။

လုယက်မှုကြောင့် ဆုံးရှုံးတန်ဖိုးငွေနှင့် မည်မျှပါရှိသွားသည်ကိုမူ မသိရှိရသေးပေ။ ထိုသို့ YBS ယာဥ်လိုင်းများပေါ်တွင် လုယက်မှုများမကြာခဏဖြစ်ပွား လျက်ရှိပြီး ယာဥ်လိုင်း ၄၂၊ ယာဥ်လိုင်း ၆၊ ယာဥ်လိုင်း ၂၂၊ ယာဥ်လိုင်း ၆၁ တို့တွင် အများဆုံးဖြစ်သည်။

ဖြစ်စဥ်ကြောင့် ယာဥ်လိုင်းမှတာဝန်ရှိသူတစ်ဦးက” ဖြစ်စဥ်ကိုအသေးစိတ်စစ်ဆေးနေပါတယ်။ ယာဥ်လိုင်းက ယာဥ်မောင်းကိုလည်း သေချာစစ်ဆေးနေပါ တယ်”ဟုဆိုသည်။

#Ayeyarwaddy_Times