ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်

ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်မြို့မှာ တန်ဆောင်မုန်းလပြည့်ညက ဆီမီးမျှောပွဲပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ခန့်ထားတဲ့ဝန်ကြီးချုပ်တက်ရောက်ခဲ့တာကြောင့် လူစည်ကားအောင် ကျောင်းသား ကျောင်းသူတွေကို မလာမဖြစ် ဖိအားပေးခေါ်ဆောင်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းဝန်ကြီးတက်ရောက်ဖို့အတွက် လူမလာမှာဆိုးတာကြောင့် ကျောင်းသားကျောင်းသူတွေနဲ့ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ မလာမဖြစ် တက်ရောက်ဖို့အတွက် ဖိအားပေး ခေါ်ယူခဲ့တာလို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရော မိသားစုဝင်တွေရောတက်ဖို့ပြောတယ် ဒါကတော့ မဖြစ်မနေတက်ရတာပဲလေ ပြီးတော့ စတုဒီသာပါကျွေးရတာ ကျောင်းသားတွေလည်း လာရတာတော့တွေ့တယ် ဘယ်လိုခေါ်တယ်ဆိုတာ တော့ သေချာမသိဘူး”လို့ ပုသိမ်မြို့ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်မြို့ပေါ်မှာရှိတဲ့ အထက်တန်းကျောင်း ၁၁ ကျောင်းက ကလေးတွေကို ကျောင်းပိတ်ရက်ဖြစ်ပေမယ့် မီးမျှောပွဲတစ်နေ့ ညနေပိုင်းလာဖို့အတွက် ကျောင်းမပိတ်ခင်နေ့တွေမှာ ဆရာမတွေက မှာကြားလိုက်တာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

“ ကျောင်းမပိတ်ခင်နေ့ကမှာလိုက်တယ်ပြောတယ် အိမ်ကသားကတော့ အထက်တန်းတွေကို ရွေးခေါ်တာမျိုး ထင်တယ် ကလေးတွေတော့ မပါလောက်ဘူး အိမ်ကသားကတော့ ၉ တန်းပါ သူတို့ကတော့ ပျော်တာပေါ့ ဘာမှမသိဘူးလေ အဲ့နေ့ ညနေပိုင်းသွားရတယ်”လို့ ဒေသခံကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဝန်ကြီးချုပ်တက်ရောက်တဲ့ မီးမျှောပွဲမှာ ညနေပိုင်း ၆ နာရီ ၂၀ မိနစ်လောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

#စစ်ကောင်စီ #မီးမျှောပွဲလူ ကျောင်းသား #ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ #ဖိအားပေးခေါ်ယူ
#Ayeyarwaddy_Times