ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၉ ရက်

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးတွင် ယနေ့ နိုဝင်ဘာလ ၉ ရက် မနက် ၈ နာရီ ၄၀ မိနစ်တွင် အံစာတုံးယာဥ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း ဒေသအခြေစိုက် လူမှုကူညီရေးအသင်းများထံကသိရသည်။

ဒေါနတောင် အာရှလမ်းမကြီးပေါ် တောနော်ရေတံခွန်အနီးတွင် မြဝတီဘက်မှမောင်းနှင်လာသည့် အံစာတုန်းယာဥ်တစ်စီး လမ်းတားကွန်ကရစ်တုံးကိုကျော်ပြီး အုတ်ခုံဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်က ယာဥ်တစ်စီးတိမ်းမှောက်တယ်ဆိုပြီး သတင်းရလို့ သွားရောက်ခဲ့တာပါ။ ကျွန်တော်တို့ ရောက်တော့ ယာဥ်ပေါ်ပါသူ အားလုံးသေဆုံးနေပြီ။ ကားကလမ်းတားတွေကိုကျော်ပြီး လမ်းဘေးအုတ်ခုံ ကိုဝင်တိုက်ပီး မှောက်တာပါ” ဟု နယ်မြေခံ လူမှုကယ် ဆယ်ရေးအသင်းတခုတာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်တွင်လိုက်ပါလာသူ ယာဥ်မောင်းအပါအဝင် ၆ ဦးလုံးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှသိရသည်။
#AyeyarwaddyTime