ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၈ ရက်
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ်အတွင်းရှိ နောင်ကြီးအိုင်ကျေးရွာတွင် ခြေကုပ်ယူထားသော စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း၌ မြောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလျှက်ရှိရာ နောင်ကြီးအိုင်ရွာမှ ကျွဲခြံရွာသို့ ထွက်ခွာလာသော စစ်ကြောင်းအား အရာတော်မြို့နယ် PDF နှင့် ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အရာတော်မြို့နယ် PDF ထံမှသိရသည်။
ကြားဖြတ်ခြုံခိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။
” သူတို့စစ်ကြောင်းက အင်အား ၄၀ ကနေ ၅၀ ကြားရှိမယ်။ နောင်ကြီးအိုင် နဲ့ ကျွဲခြံရွာကြားလမ်းကြောင်းမှာ ဖြတ်တိုက်တာပါ။ဒီကောင်တွေက နောင်ကြီးအိုင်ရွာ နဲ့ ကျွဲခြံရွာကြားထဲက ဥသျှစ်ကုန်းကျေးရွာမှာ ကြက်ခြံရယ်၊ဝက်ခြံရယ်ကို မီးရှို့ခဲ့ကြသေးတယ်။ဒီကောင်တွေ အထိုင်ချတဲ့ခြေကုပ်စခန်းကို ပြန်အလာမှ ကျနော်တို့က ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့တာပါ”ဟု အရာတော်မြို့နယ် PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် အရာတော်မြို့နယ် PDF နှင့် ပူးပေါင်းအဖွဲ့များဘက်မှလည်း တပ်ဖွဲ့ဝင် တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ယခုတိုက်ပွဲကို အရာတော်မြို့နယ် PDF နှင့်အတူ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၊မုံရွာခရိုင် PDF တပ်ရင်း(၁၉) တို့မှ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အရာတော် PDF က သတင်းထုတ်ပြန်ထားသည်။
#အရာတော် #စစ်ကြောင်း #ခြုံခိုတိုက်ခိုက် #စစ်ကောင်စီ #သေဆုံး
#Ayeyarwaddy_Times