ဧရာဝတီတိုင်းမ်
(တနင်္သာရီတိုင်း)၊ နိုဝင်ဘာလ ၈ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်အထိ တစ်ပတ်ကျော်ကြာ စစ်ကောင်စီ တပ်များနှင့် ဒေသ ကာကွယ်ရေးတပ်များကြား တိုက်ပွဲများ ဖြစ်ပွားရာ ဒေသခံ ၃၀၀၀ ဝန်းကျင် စစ်ဘေး ရှောင်နေရကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း ကျေးရွာ အနီးသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ တပ်များနှင့် တနင်္သာရီ ပြည်သူ့ ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုတို့ ညောင်ပင်ကွင်း ကျေးရွာနှင့် ဘန်လော ကျေး ရွာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ရာမှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း တနင်္သာရီ ပြည်သူ့ ကာကွယ်ရေးတပ် နဂါးနက် အဖွဲ့က ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့သည်ဟု ခန်းမှန်းရပြီး တိုက်ပွဲအပြီး လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြာင့် ညောင်ပင်ကွင်း ကျေးရွာမှ ရွာသား ၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သည်ဟုလည်း ဆိုသည်။
“စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်း ထိုးတာ၊ နိုဝင်ဘာလ ၆ ရက်နေ့က ၂ ကြိမ်၊ ၇ ရက်နေ့ ၁ ကြိမ် တိုက်ပွဲ ဖြစ်သေးတယ်၊ ကျွန်တော်တို့ အဖွဲ့နဲ့ စကစ တပ်တွေနဲ့ နိုဝင်ဘာ ၂ ရက်မှာ မြိတ်မြို့နယ် တုန်းဗျော ရွာထဲမှာလည်း တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်၊ အဲ့ဒီရွာက ပျူစောထီး ခေါင်းဆောင် အုပ်ကြီးကို ရှင်းလင်းနိုင်ခဲ့ပြီး စကစ တပ်သား သေဆုံးတာတွေ ရှိပေမယ့် အတည်မပြုနိုင်ဘူး”ဟုလည်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နဂါးနက် အဖွဲ့မှ တာဝန်ရှိသူ ၁ ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဘန်းလမွတ်ကျေးရွာနှင့် ထုံခါကျေးရွာတွင် နိုဝင်ဘာလ ၆ ရက်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး သမုတ်ချုံး ကျေးရွာ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၄ ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့ပြင် နိုဝင်ဘာလ ၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ဘုတ်ပြင်းဘက်မှ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်းအား တနင်္သာရီမြို့နယ်၊ ရေဖြူနှင့် တားပလပ်ကြားတွင် တပ်မဟာ ၄ ကွန်မန်ဒို တပ်ပေါင်းစု ကျားကြီး အဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးဝန်းကျင် သေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါသည်။
တိုက်ပွဲများမှာ ဘန်လောရွာ၊ ညောင်ပင်ကွင်းရွာ၊ တုံးဗျောရွာ၊ ရေဖြူနှင့် တားပလပ်ကြား၊ သမုတ်ချုံးရွာ၊ ဘန်းလမွတ်ရွာ၊ထုံခါရွာဝန်းကျင်များတွင်ဖြစ်ပွားနေပြီး ဒေသခံ ၃၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရကြောင်းလည်း အမည် မဖော်လိုသော စစ်ဘေးရှောင်များကို ကူညီနေသည့် အဖွဲ့ ၁ ဖွဲ့က ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် စစ်မဖြစ်သည့် ရွာများ၊ ဆွေမျိုးသားချင်း ရှိသည့် ရွာများ၊ တနင်္သာရီမြို့ပေါ်များသို့ တိမ်းရှောင်နေကြရပြီး တချို့မှာ တောထဲတွင် တဲထိုးပြီး နေကြရသည်ဟုလည်း ဆိုသည်။
တိုက်ပွဲများကြောင့် တနင်္သာရီ ဒေသခံအများစုမှာ ဘေးလွတ်ရာ နေရာများတွင် စစ်ဘေးရှောင်နေကြရကြောင်း၊ တနင်္သာရီ တိုင်းတွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ကျော် ရှိနေကြောင်းလည်း သိရသည်။
ဓာတ်ပုံ – တနင်္သာရီမြို့နယ်အတွင်းတိုက်ပွဲများကြောင့်ဒေသခံများ၏နေအိမ်များမီးလောင်ပျက်စီးခဲ့သည့်ပုံများဖြစ်ပါသည်။
#AyeyarwaddyTimes