ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

 

အမြန်လမ်းမကြီးများအပါအဝင် ပြေးဆွဲနေသည့် အဝေးပြေး ခရီးသည်တင် Express ယာဉ်များအနေဖြင့် ခရီးသည်များ၏ ကုန်ပစ္စည်းမှလွဲ၍ အခြား တန်ဆာ ကုန်ပစ္စည်းများ တင်ဆောင်ခွင့်မပြုဘ စစ်ဆေးတွေ့ရှိပါက လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူမည်ဟု ရွေးတုအစိုးရ လက်အောက်ခံ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်တွင် သတိပေး ထုတ်ပြန်လိုက်သည်။

 

ခရီးသည်တင် ယာဉ်များတွင် တန်ဆာ ကုန်ပစ္စည်းများ တန်ချိန်အလွန်အကျွံ တင်ဆောင်ပါက ကုန်အလေးချိန်ကြောင့် ယာဉ်ဘီးပေါက်ခြင်း၊ ဘရိတ်မမိခြင်းနှင့် တိမ်းမှောက်ခြင်းတို့ ဖြစ်ပွားနိုင်သဖြင့် အမြန်လမ်းမကြီးများ ဥပဒေအရ အရေးယူမည့်အပြင် အမြန်လမ်း သုံးစွဲခွင့်ကိုပါ ရုပ်သိမ်းမည်ဟု အဆိုပါ အဖွဲ့က ဆိုသည်။

 

သို့သော် ရွေးတုအစိုးရစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လမ်းခရီး စစ်ဆေးရေးဂိတ်များ၊ ညမထွက်ရအမိန့် (ကာဖျူး) များဖြင့် စစ်ဆေးမှု ပြင်းထန်လာသဖြင့် ကုန်စည် စီးဆင်းမှုစနစ် ပျက်စီးသွားရကြောင်း အဝေးပြေး ကားမောင်းသူများက ထောက်ပြကြသည်။ ထို့ပြင် ခရီးသွားနည်းပါးပြီး စက်သုံးဆီဈေး ကြီးမြင့်မှုကြောင့် ခရီးသည်တင် ယာဉ်များအနေဖြင့် စရိတ်ကျေပြီး အမြတ်ကျန်ရှိစေရန် ကုန်ပစ္စည်းများကို ကားဆန့်သလောက် တင်ဆောင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်တပ် အာဏာသိမ်းပြီးတော့ ကုန်စည်စီးဆင်းမှု ပုံစံပါ ပြောင်းသွားတယ်။ ကာဖျူးတွေ၊ စစ်ဆေးရေးဂိတ်တွေနဲ့ ကုန်စိမ်းတင် စစ်တယ်။ လမ်းမှာ ညအိပ်ရတယ်။ ကုန်ကားတွေ သွားလာရတာ အရင်လို မလွတ်လပ်ဘူး။ တစ်ဖက်မှာလည်း ခရီးသွားနည်းတော့ ခရီးသည်တင်တဲ့ ကားတွေ ဆီဈေးနဲ့ မကိုက်ဘူး။ အဲဒီတော့မှ ကုန်တွေ တင်ကြတာပဲ။ ကားဆန့်သလောက်ကို တင်ကြတာ” ဟု အဝေးပြေး ကားမောင်းဆရာ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ခရီးသည်တင် Express ကား မတော်တဆမှုများတွင် ကုန်အလွန်အကျွံ တင်ဆောင်ထားမှုကြောင့် ထိခိုက်မှု ပိုမိုကြီးမားခဲ့ရကြောင်း မြေပြင် သတင်းရင်းမြစ်အချို့က ဆိုသည်။
‎

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့ ကလည်း ပြင်ဦးလွင်မှ ရန်ကုန်သို့ပြန်ဆင်းသော နယူးမန္တလာထွန်း express ယာဉ်သည် ပြင်ဦးလွင် ၁၉ မိုင် ( မီးသတ်ကွေ့) တွင် ယာဉ်တိုက်ပြီးချောက်ထဲကျသွားရာ ခရီးသည် ၁၂ ဦး သေဆုံး၍ ဒဏ်ရာရသူအပြားရှိခဲ့သည်။

 

အဆိုပါဖြစ်စဉ်ကြောင့် နယူးမန္တလာထွန်း ယာဉ်လိုင်း၏ ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ကို ပြေးဆွဲခွင့်ကို ပိတ်ပင်ခဲ့ပြီး ယာဉ်လိုင်းဘက်ကလည်း ဖြစ်ပွားခဲ့သည့် မတော်တဆမှုအတွက် တောင်းပန်စာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးအပါအဝင် တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှု စုစုပေါင်း ၃,၃၄၈ မှု ဖြစ်ပွားခဲ့ရာ လူ ၁,၇၃၅ ဦး သေဆုံးပြီး ၄,၆၇၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ -လူမှုကွန်ရက်