ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၉ရက်

‎​ဧရာဝတီနှင့် ရခိုင်စစ်မြေပြင်များအတွင်း သေဆုံးနေရသည့် ရှေ့တန်းရောက် စစ်တပ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့နေသည့် အုပ်ချုပ်မှုစနစ်ကြောင့် တပ်တွင်း၌ မကျေနပ်မှုများ ရှိနေကြောင်း သိရသည်။

‎​ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) အပါအဝင် အခြားစစ်ဌာနချုပ်များမှ တပ်ဖွဲ့ဝင်များသည် အဆိုပါစစ်မြေပြင်များတွင် သေဆုံးမှုများပြားလာနေချိန်၌ အမိန့်ပေးအရာရှိကြီးများ၏ လျစ်လျူရှုမှုများကြောင့် မိသားစုဝင်များအကြားပါ မကျေမလည်ဖြစ်လာနေကြကြောင်း ပကဖ ပုသိမ်ထံမှ သိရသည်။

‎”စစ်သားလည်း စစ်သား ဒုက္ခ၊ ပြည်သူလည်း ပြည်သူ ဒုက္ခ၊ နိုင်ငံအတွက် စွန့်လွှတ်တယ်ဆိုတာ စာထဲဖတ်လို့ ကောင်းပေမယ့်၊ ပေးဆပ်ရတဲ့တန်ဖိုးကြောင့် တစ်စုံတစ်ဖွဲ့ကတော့ ရာထူးမပျက်၊ အာဏာမပျက် သာသာယာယာပဲ နေကြတယ်” ဟု ဆိုကာ တပ်တွင်း မကျေနပ်ချက်များ ကျယ်ပြန့်နေမှုကို တပ်မိသားစုဝင်တစ်ဦးကပြောသည်။

‎​စစ်တပ်အနေဖြင့် အင်အားပြိုလဲလာမှုများကို ဖုံးကွယ်ရန်အတွက် စစ်တက္ကသိုလ် (DSA) ဆင်း လူငယ်အရာရှိများကို ရှေ့တန်းစစ်မျက်နှာပြင်များသို့ ပိုမိုစေလွှတ်လျက်ရှိရာ တိုက်ပွဲအတွင်း သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဆက်တိုက်ဆိုသလို မြင့်တက်နေသည်။

‎​ဧရာဝတီစစ်မြေပြင်အတွင်း အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး စောနေဇင်နိုင်သည် PDF များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ပြီး ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်နေ့က ရွှေမြင်တင်သုသာန်၌ မီးသင်္ဂြိုလ်ခဲ့ရသည်။ အဆိုပါစစ်မြေပြင်မှ ထိခိုက်ဒဏ်ရာရရှိလာကြသည့် အရာရှိများအနက်မှ အချို့သာလျှင် မဆရ (၄) တွင် ဆေးရုံတက်ခွင့်ရရှိကြပြီး၊ ဒဏ်ရာ အလွန်ပြင်းထန်မှသာ ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

‎ဧရာဝတီနှင့် ထိစပ်နေသော ရခိုင်ပြည်နယ်ဘက်တွင်လည်း စစ်ရှုံးနယ်မြေများကို ပြန်လည်ရယူရန်အတွက် လေကြောင်းပစ်ကူများကို နေ့ရောညပါ အသုံးပြုတိုက်ခိုက်နေသော်လည်း ယနေ့အချိန်ထိ နယ်မြေပြန်လည်ရရှိခြင်း မရှိသေးပေ။

‎​ယခုအခါ ဧရာဝတီအတွင်း စစ်ရှုံးနယ်မြေများ ပြန်လည်ရရှိရေးအတွက် နတခလက်အောက်ခံ တပ်များ၊ ပြည်သူ့စစ်မှုထမ်း ပစများအပြင် တပ်မ (၁၁)၊ တပ်မ (၆၆)၊ တပ်မ (၉၉) နှင့် စကခ (၁၃) လက်အောက်ခံ ခမရ (၅၅၈)၊ ခမရ (၂၀၃) တပ်ဖွဲ့များအထိပါ ပူးပေါင်းစစ်ဆင်ရေးများတွင် အလုံးအရင်းဖြင့် ပါဝင်လာနေကြ‌ကြောင်း သိရသည်။

‎​ထို့အပြင် တိုက်ပွဲအတွင်း ပျောက်ဆုံးသွားကြသည့် စစ်တပ် တပ်ဖွဲ့ဝင်များ၏ ဇနီးသည်များအပေါ်တွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိဘဲ ရန်သူ့ထံ လက်နက်ချ အညံ့ခံသွားသည်ဟု စွပ်စွဲကာ အဆင့်အတန်းခွဲခြား နှိမ့်ချဆက်ဆံမှုများ ရှိနေကြောင်း သိရသည်။

‎​ဘက်စုံကျပ်တည်းနေမှုသည် စစ်တပ်အတွင်း၌သာမက ရဲတပ်ဖွဲ့ဝင်များအကြားတွင်လည်း ဆိုးရွားစွာ ကြုံတွေ့နေရသည်။ ဧရာဝတီရဲတပ်ဖွဲ့ဝင်များကို သင်တန်းဆင်းသည်နှင့် တိုက်ပွဲအတွေ့အကြုံ မရှိသေးဘဲ ရှေ့တန်းသို့ တိုက်ရိုက်စေလွှတ်နေသဖြင့် သေဆုံးမှုများပြားလျက်ရှိသည်။

‎ရှေ့တန်းမှ ပြန်လည်လွတ်မြောက်လာသူများ သို့မဟုတ် နယ်ပြောင်းရွှေ့ခံရသူများကိုပင် ‘တွဲဖက်’ ဟူသော အကြောင်းပြချက်ဖြင့် ရှေ့တန်းသို့ တဖန်ပြန်လည် စေလွှတ်နေခြင်းကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ သို့သော် ငွေကြေးနှင့် လာဘ်ထိုးနိုင်သူများကမူ နေရာကောင်းများကိုသာ ရယူကာ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်နေကြကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။