ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF – Hakha) ၏ စစ်သုံ့ပန်း ထိန်းသိမ်းရေး စခန်းကို ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာ ငါး စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့၏ ရွေးတုအစိုးရ စစ်တပ် တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦး သေဆုံးပြီး ခြောက် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို ယမန်နေ့ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီ ၂၅ မိနစ်မှ ၈ နာရီ ၄၆ မိနစ်အထိ မိနစ် ၂၀ ကျော်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က ဗုံးအလုံးရေ ၈ လုံးမှ ၁၀ လုံးအထိ ကြဲချသွားခဲ့ခြင်း ဖြစ်သည်။

“ဂျက်လေယာဉ် ၅ စီးလောက်နဲ့ သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့ နေရာတွေကို တစ်ပြိုင်နက် ဗုံးကြဲသွားတာပါ။ လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းတွေဆီကနေ သတင်းရပြီး အခုလို နေရာ တိတိကျကျ ဗုံးကြဲတာလို့ ယူဆရတယ်” ဟု CDF – Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည့် ရွေးတုအစိုးရ စစ်တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးမှာ မြေပြင်တွင် ပွဲချင်းပြီး သေဆုံးကာ ခြောက် ဦး ဒဏ်ရာရရှိခဲ့ပြီး စခန်းအဆောက်အအုံများပါ ပျက်စီးသွားခဲ့သည်။

“စစ်သုံ့ပန်းတွေ ထားတဲ့နေရာ သိရဲ့နဲ့ စစ်တပ်က တမင်ဗုံးကြဲတာလို့ ထင်ပါတယ်။ အခု သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ဟားခါးမြို့တွင်း စစ်ဆင်ရေးနဲ့ မြို့အနီးတစ်ဝိုက်မှာ ဖမ်းမိထားတဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်” ဟု CDF – Hakha တာဝန်ရှိသူက ဆက်လက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် CDF – Hakha တပ်ဖွဲ့ဝင်များက အသက်ရှင် ကျန်ရစ်သူများနှင့် ဒဏ်ရာရရှိသူများကို ဘေးလွတ်ရာသို့ အမြန်ဆုံး ပြောင်းရွှေ့ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှု များနှင့် ကူညီစောင့် ရှောက်မှုများကို ချက်ချင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုံစာ- စစ်တပ်က ဗုံးကြဲချပြီးနောက် တွေ့ရသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ထားရာ စစ်သုံ့ပန်းစခန်း၊