ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

ခရီးသည်တင် ယာဉ်များ ချောက်ထဲပြုတ်ကျခြင်းနှင့် လမ်းဘေးတိမ်းမှောက်ခြင်း အပါ အဝင် ယာဉ်မတော်တဆမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမြန်လမ်းမကြီး ပေါ်တွင် သွားလာနေသည့် ခရီးသည်တင် ယာဉ်များ၌ ကုန်စည်တင်ဆောင်ခွင့်ကို အရှိန်အဟုန်မြှင့် တင်းကြပ်နေကြောင်း သိရသည်။

အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြပ်မတ်ရေးအဖွဲ့၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ခရီးသည်တင် Express ယာဉ်များ၌ ခရီးသည်၏ ကိုယ်ပိုင်အိတ်/ပစ္စည်းမှလွဲ၍ ကုန်စည်များ ပိုမိုတင်ဆောင်ပါက အလေးချိန် လွန်ကဲမှုကြောင့် ယာဉ်ဘီးပေါက်ခြင်း၊ ဘရိတ်မမိခြင်းနှင့် မတော်တဆ တိမ်းမှောက်မှုများ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ခရီးသည်တင် ကားများတွင် ကုန်တင်လာကြောင်း စစ်ဆေးတွေ့ရှိပါက အမြန်လမ်း ဥပဒေအရ အရေးယူမည့်အပြင် အမြန်လမ်း သုံးစွဲခွင့်ပါ ရပ်ဆိုင်းမည်ဟု အသိပေးထားသည်။

“အခုနောက်ပိုင်း ခရီးသည်တင်ကားတွေ မတော်တဆမှု ဖြစ်တာများလို့ဆိုပြီး ပစ္စည်းတင်တာကို အရမ်းစစ်လာတာ။ အရင်က express နဲ့ ချက်ချင်းပို့လို့ရတဲ့ ပစ္စည်းတွေက အခု ပို့လို့မရတော့ဘူး။ ကုန်တင်ကားနဲ့ပဲ သီးသန့် ပို့ရတော့မှာဆိုတော့ အချိန်လည်း ကြာသွားသလို ပို့ဆောင်ခ စရိတ်လည်း ပိုကုန်ကျလာတော့မယ်” ဟု အမြန်လမ်းမှတစ်ဆင့် ပစ္စည်းများ ပုံမှန်မှာယူနေသည့် ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် မိုးလေဝသ ထုတ်ပြန်ချက်များအရ လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညို အရှိန်ကြောင့် အပူချိန် မြင့်တက်လာနိုင်သဖြင့် တာယာနှင့် ဘရိတ်စနစ်များကို ဂိတ်အသီးသီးတွင် ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမည် ဖြစ်ရာ ခရီးသည်တင် ယာဉ်များအနေဖြင့် ခရီးစဉ် ကြာမြင့်ချိန် ပိုမိုများပြားလာနိုင်သည့်အပြင် ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုများပါ ထပ်မံကြုံတွေ့ရနိုင်သည်ဟုဆိုသည်။