‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၉ ရက်

 

ရွေးတုအစိုးရ၏ စီးပွားရေးဆိုင်ရာ တင်းကျပ်သည့် မူဝါဒအမှားများနှင့် သွင်းကုန်လိုင်စင် ကျပ်တည်း မှုများကြောင့် အထည်ချုပ်စက်ရုံ (CMP) များ စံချိန်တင် ပိတ်သိမ်းနေရချိန်တွင် အဆိုပါ လုပ်ငန်းများ အဆင်ပြေစေရန် ဝန်ကြီးဌာနများက ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် ရွေးတုအစိုးရ ပြည်ထောင်စုအဖွဲ့အစည်းအဝေးတွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က ထပ်မံပြောဆိုခဲ့သည်။

 

ယမန်နေ့ အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်သည့် အထည်ချုပ်လုပ်ငန်း (CMP)များ လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

သို့သော် လက်တွေ့မြေပြင်တွင် ရွေးတုအစိုးရ၏ နိုင်ငံခြားငွေ သုံးစွဲမှု ကန့်သတ်ချက်များ၊ လျှပ်စစ်မီးပုံမှန်ရရှိမရှိခြင်း၊ သွင်းကုန်လိုင်စင် ကြန့်ကြာမှုနှင့် ကုန်ကြမ်းရရှိရန် ခက်ခဲမှုများကြောင့် ယခုနှစ်အတွင်း အထည်ချုပ်စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်းခဲ့ရပြီး အလုပ်သမား ထောင်ပေါင်း များစွာ အလုပ်အကိုင် ပျောက်ဆုံးကာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။

“စက်ရုံပိတ်လို့ (နေလင်းအောင် အထည်ချုပ်) အလုပ်မရှိသေးဘူး။ အခြားစက်ရုံမှာ လျှောက်ရမှာပေါ့။ ဒီလထဲ ပိတ်သွားတာ။ ကျွန်မတို့ စက်ရုံကတော့ လျှော်ကြေးရတယ်။ မရတဲ့ စက်ရုံတွေရှိတယ်လို့ ကြား တယ်” ဟု အလုပ်ထုတ်ခံလိုက်ရသည့် အထည်ချုပ် ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိ ပိတ်သိမ်းသွားသည့် အထည်ချုပ်စက်ရုံများအနက် အချို့မှာ လုပ်သက်အလိုက် လျှော်ကြေး ပေးသော်လည်း အချို့မှာမူ လျှော်ကြေး လုံးဝမပေးဘဲ ချက်ချင်း ပိတ်သိမ်းသွားသည့်အတွက် အလုပ် သမားများ နစ်နာမှု ကြီးမားနေကြောင်း သိရသည်။

 

“ကျွန်မတို့စက်ရုံက ကိုရီးယားစက်ရုံ။ မနှစ်ကတည်းက စက်ရုံပိတ်တော့မယ်ဆိုပြီး အသံလွှင့်လာတာ အခုထိတော့ မပိတ်သေးဘူး။ အဓိက ကုန်ကြမ်းပေါ့။ ကုန်ကြမ်းမရရင် ပိတ်မယ်ဆိုပြီး ကုန်ကြမ်းရှိတော့ မပိတ်ရသေးဘူး။ အနွေးထည်အထူကြီးတွေ ချုပ်ရတယ်။ Target စက်ရုံ မဟုတ်တော့ ပုံမှန် Day ကြေးနဲ့ လုပ်ရတယ်။ တစ်ရက် တစ်သောင်း၊ တစ်နာရီ အချိန်ပိုဆို နှစ်ထောင်လောက်ရတယ်” ဟု လှိုင်သာယာ မြို့နယ်ရှိ အထည်ချုပ်စက်ရုံ ဝန်ထမ်းတစ်ဦးက လက်ရှိကြုံနေသည့် မြေပြင် အခက်အခဲနှင့်ပတ်သက်၍ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

နိုင်ငံခြားငွေ ပြတ်လပ်နေသည့် ရွေးတုအစိုးရသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဖိတ်ခေါ်နေသော်လည်း ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသည့် လိုင်စင် ကန့်သတ်မှု၊ နိုင်ငံခြားငွေ ထိန်းချုပ်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကြန့်ကြာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ ထွက်ခွာနေကြဆဲ ဖြစ်ကြောင်း စီးပွားရေး လေ့လာသူများက ဆိုသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်