ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရွေးတုအစိုးရစစ်တပ်၏ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနောက်ဘက်ရှိ ဗျူဟာမြောက် အရေးပါသော မိုးစိန်းကျွန်းစခန်းကို သိမ်းပိုက်နိုင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက တစ်ပတ်နီးပါး ကြာမြင့်သည်အထိ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း KIA ပြန်ကြားရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ဗန်းမော်စစ်ရေးအတွက် အရေးပါသည့် အဆိုပါမိုးစိန်းကျွန်းစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ရွေးတုအစိုးရစစ်တပ်ဘက်ကလည်း လေယာဉ်များအသုံးပြု၍ အပြင်းအထန် ခုခံတိုက်ခိုက်လျက်ကြောင်း ယမန်နေ့ အောက်တိုဘာ ၂၈တွင် KIA ပြန်ကြားရေးက ပြောကြားထားသည်။
”မိုးစိန်းကျွန်းစခန်းကို KIA တပ်မဟာ (၅) နဲ့ တပ်မဟာ (၈) တို့က စစ်ရေးဖော်ဆောင်နေခြင်းဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တစ်ဖက်တွင်လည်း ရွေးတုအစိုးရစစ်တပ်က ဗန်းမော်အခြေစိုက် ခလရ (၄၇) တပ်ရင်း၏ အနီးအနားဝန်းကျင်ရှိ KIA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသော နေရာများကို လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ခလရ ၄၇ တပ်ရင်း အနီးတစ်ဝိုက်ရှိ စခန်းများနှင့် ကျေးရွာများတွင် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် ရွေးတုအစိုးရစစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုများကို အဓိကအားပြု ခုခံနေရသည့် အခြေအနေတွင် ရှိနေသည်။
ရေကြောင်းခရီးဖြင့်ပို့လိုက်သည့် စစ်ကူအင်အားများ ဗန်းမော်တွင် စုဖွဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး နှစ်ဘက်တပ်ဖွဲ့များ ထိုးစစ်များ ပုံဖော်လာကြခြင်းဖြစ်သည်။
ခလရ ၄၇ အနီးရှိ စင်းကုန်း၊ ဟန်တဲ၊ ကုန်းမဟတ်ဘက်တွင် တိုက်ပွဲများပြင်းထန်ကာ စစ်တပ်ဘက်က လေကြောင်း၊ ဒရုန်းအပြင် မြေပြင်စစ်ကြောင်းများပါထိုးလာခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ရွေးတုအစိုးရစစ်တပ်သည် ဗန်းမော်တက္ကသိုလ်ဘက်မှ တာမိုင်းလုံနှင့် မိုးမောက်သွားလမ်းဆီသို့ စစ်ကြောင်း ၃ ကြောင်း၊ သင်္ချိုင်းကုန်းနှင့် ဆင်ကုန်းရပ်ကွက်ဘက်မှ ကုန်းမဟတ်ရပ်ကွက်ဘက်သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် အသီးသီးခွဲထွက်ကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။