ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

ဗြိတိန်အစိုးရဟာ ယူကရိန်းနိုင်ငံအတွက် လေကြောင်းရန် ကာကွယ်ဖို့ အရေးပေါ်ရန်ပုံငွေ အပါအဝင် စီးပွားရေးနဲ့ စစ်ရေးအကူအညီ ပေါင် ၁၀ ဘီလီယံကျော် ထောက်ပံ့ပေးမယ်လို့ သမ္မတ ဇီလန်စကီးက အောက်တိုဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒီကူညီထောက်ပံ့မှုမှာ ၃ နှစ်တာကာလအတွက် စီးပွားရေးအကူအညီ ပေါင် ၇ ဘီလီယံနဲ့ ပေါင် ၃ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်တွေ ပါဝင်ပါတယ်။

ဆောင်းရာသီမှာ ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အရေးပေါ် စစ်ရေးအကူအညီ ပေါင် သန်း ၅၀၀ ထောက်ပံ့ဖို့ ဗြိတိန်အစိုးရက သီးခြား ထုတ်ပြန်ခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းနဲ့ ထိရောက်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဗြိတိန်ရဲ့ ခိုင်မာပြီး ဦးဆောင်မှုပေးနိုင်တဲ့ ကူညီပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ဇီလန်စကီးက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ယူကရိန်းဟာ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ ဆက်ရရှိနေမယ်ဆိုတာ မော်စကိုထံ အချိန်ကိုက် ပေးပို့လိုက်တဲ့ အချက်ပြမှုတစ်ခုလည်း ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ ဒီထောက်ပံ့မှုဟာ ယူကရိန်းနိုင်ငံအတွက် ဗြိတိန်ရဲ့ အကြီးမားဆုံးသော ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုလို့ သိရပါတယ်။

စီးပွားရေးအကူအညီ ပေါင် ၇ ဘီလီယံထဲမှာ ကမ္ဘာ့ဘဏ် အာမခံ ပေါင် ၅ ဒသမ ၅ ဘီလီယံနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အကျပ်အတည်း ရန်ပုံငွေအတွက် ပေါင် သန်း ၅၀၀ ပါဝင်ပါတယ်။

ဒီငွေကြေးအကူအညီဟာ ဗြိတိန်ရဲ့ စစ်ရေးအကူအညီတွေ ထပ်မံတိုးမြှင့်လိုက်တာဖြစ်ပြီး ရုရှား တိုက်ခိုက်မှုတွေကို ရင်ဆိုင်နိုင်မယ့် လေကြောင်းရန် ကာကွယ်ရေးကဏ္ဍကို အဓိက မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

News: Kyiv Post
Ref; UK Pledges £10 Billion ($13.3 Billion) to Ukraine, Including Urgent Air Defense Aid