ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၉ ရက်

 

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ဘက်ခြမ်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်းမှ လက်နက်ကြီး ကျည်များ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦး အပါအဝင် ထိုင်းနိုင်ငံသား သုံး ဦး ဗုံးစထိမှန် ဒဏ်ရာရရှိသွားကြောင်း မဲဆောက်အခြေစိုက် သတင်းရင်းမြစ်များနှင့် ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက်အစောပိုင်းက မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးသို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် သောင်ရင်း မြစ်ဘက်ကမ်းရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကျေးရွာများအတွင်းသို့ နာရီပေါင်းများစွာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ဒရုန်းများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြန်မာဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် ၆၀ မမ လက်နက်ကြီးကျည်များမှာ ထိုင်းနိုင်ငံဘက်ရှိ မယ့်ကိုကင်း နှင့် မဟာဝမ်ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

 

လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည့် ထိုင်းနိုင်ငံသား သုံး ဦးကို မဲဆောက်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးနေရပြီး ကျေးရွာအတွင်းရှိ ထိုင်းဒေသခံ အများ အပြားမှာလည်း ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

လက်ရှိတွင် ထိုင်းစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ကျေးရွာလုံခြုံရေးအဖွဲ့များ ပူးပေါင်းကာ ထိုင်းနယ်စပ်တစ်လျှောက်ကို ၂၄ နာရီ အဆင့်မြင့်လုံခြုံရေးယူ၍ အသင့်ပြင်စောင့်ကြပ်ထားကြောင်း သိရသည်။

 

နယ်စပ်ဘက်သို့ ကျည်ဆန်နှင့် လက်နက်ကြီးများ ကျရောက်ပါက တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းစစ်တပ်က သတိပေးထုတ်ပြန်ထားပြီး မြန်မာဘက်ခြမ်းရှိ ပစ်ခတ်သည့်နေရာများသို့ မီးခိုးဗုံး များဖြင့် စတင်သတိပေး ပစ်ခတ်မည်ဖြစ်ကာ ထိုင်းနိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေပါက တန်ပြန်စစ်ရေး အစီအမံများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကပင် သတိပေး ထုတ်ပြန်ထားသည်။

 

ကိုးကား – The Reporters