ဆောင်းပါးရှင်-မောင်ဖြူဖွေး

(ဧရာ၀တီတိုင်းမ်၊အောက်တိုဘာ ၃၀၊ ၂၀၂၆)

 

တရုတ်နိုင်ငံ၏ ဒီဂျစ်တယ် အကြောင်းအရာ ဖန်တီးသူများ (Digital Creators) သည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၊ အွန်လိုင်း အကြောင်းအရာ ထုတ်လုပ် ရောင်းချပေးနေသည့် စတူဒီယိုများနှင့် အကောင့် စီမံခန့်ခွဲသည့် အဖွဲ့အစည်းများ (MCNs) အထိ အုပ်ချုပ်ရေး စနစ်သစ်ဖြင့် တိုးချဲ့ ကွပ်ကဲလာသည့် တရုတ်အစိုးရ၏ စံချိန်တင် ထိန်းချုပ်မှုနှင့် ဖိအားများကို ရင်ဆိုင်နေကြရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှစ၍ အာဏာသက်ရောက်ခဲ့သည့် တရုတ်အစိုးရ၏ ဒစ်ဂျစ်တယ် ထိန်းချုပ်မှု နည်းဥပဒေအသစ်များသည် ပြည်သူ့အာရုံစိုက်မှု ရရှိရေးနှင့် အွန်လိုင်းမှတစ်ဆင့် ဝမ်းစာ ရှာဖွေနေကြသည့် သန်းပေါင်းများစွာသော ဖန်တီးသူများ၏ ရပ်တည်ရေးအတွက် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။

 

တရုတ်နိုင်ငံတွင် ယခု တင်းကျပ်လိုက်သည့် စည်းမျဉ်းများသည် ဗီဒီယိုအတိုများ၊ တိုက်ရိုက်ထုတ်လွှင့်မှု များ (Livestreams) နှင့် ဆိုရှယ်မီဒီယာ အကောင့်များ၏ အဓိက ဝင်ငွေရလမ်းကို အစွန်းဆုံးအထိ ရိုက်ခတ်စေခဲ့သည်။

 

အဆိုပါ နည်းဥပဒေများသည် ကွန်ရက်ဖြန့်ချိရေး လုပ်ငန်းများကို တရားဝင် တာဝန်ယူမှုများ ပြဋ္ဌာန်း လိုက်သလို စည်းကမ်းဖောက်ဖျက်သည်ဟု ယူဆရသည့် အကောင့်များကို သုံးစွဲခွင့် ကန့်သတ်ခြင်း၊ ဝင်ငွေရရှိမှု စနစ်ကို ဆိုင်းငံ့ခြင်း သို့မဟုတ် အကောင့်များကို ပိတ်သိမ်းခြင်းတို့ ပြုလုပ်နိုင်သည့် လုပ်ပိုင်ခွင့်များ ရရှိထားသည်။

 

တရုတ်အာဏာပိုင်များကမူ ယခုလုပ်ဆောင်ချက်များသည် မဟုတ်မမှန် သတင်းများ၊ အတုအယောင် ကိုယ်ရေးအချက်အလက်များနှင့် လူမှုအဖွဲ့အစည်းအကြား မုန်းတီးမှုဖြစ်စေသည့် အကြောင်းအရာများ ကို လုပ်ဆောင်ခြင်းမပြုနိုင်စေရန် ရည်ရွယ်သည်ဟု အကြောင်းပြထားသည်။

 

သို့သော် ဝေဖန်သူများ၏ ထုတ်လုပ်မှုအပေါ် အပျက်သဘောဆောင်သော၊ ထင်ယောင်ထင်မှား ဖြစ်စေသော သတင်းအချက်အလက်များဟု အမည်တပ် ထိန်းချုပ်နိုင်ခြင်းသည် အလုပ်လက်မဲ့ပြဿနာ၊ လုပ်ခလစာ မရရှိမှုများ၊ ပြီးစီးခြင်းမရှိသေးသည့် အိမ်ရာစီမံကိန်းများနှင့် ပြည်သူ့ဆန္ဒပြပွဲများကို သတင်းဖော်ပြခွင့် ပိတ်ပင်လိုက်ခြင်းပင်ဖြစ်သည်ဟု စိုးရိမ်လျက်ရှိသည်။

 

အဓိက စိုးရိမ်စရာမှာ အာဏာပိုင်များက မည်သည့်အရာကို ပိတ်ပင်မည်ဆို သည်ထက် ဖန်တီးသူများက မည်သည့်အကြောင်းအရာကိုမျှ ဖော်ပြရဲခြင်းမရှိတော့ဘဲ မိမိကိုယ်မိမိ ကြိုတင် ပိတ်ပင် လိုက်ခြင်းဖြစ်သည်။

 

ကွပ်ကဲမှုစနစ်သစ်က ထိန်းချုပ်မှုအရှိန်ကို ပိုမိုကျယ်ပြန့်စေ

 

တရုတ် ဆိုက်ဘာအာကာသ စီမံခန့်ခွဲရေးအဖွဲ့ (CAC) နှင့် အစိုးရဌာန လေးခုတို့သည် အွန်လိုင်းအကြောင်း အရာ ဝန်ဆောင်မှုများကို ကွပ်ကဲမည့် နည်း ဥပဒေများကို ပြီးခဲ့သည့် မေ ၂၉ ရက်ကတည်းက ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စည်းမျဉ်းများသည် အွန်လိုင်း အကြောင်းအရာများကို စီမံကိန်းရေး ဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊ ဈေးကွက်ရှာခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် ပါဝင်ပတ်သက်နေသည့် လုပ်ငန်းများအားလုံးကို ကွပ်ကဲမည့် စည်းမျဉ်းအတွင်း ထည့်သွင်းလိုက်သည်။

 

ဝန်ဆောင်မှုပေးသူများသည် သက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်များကို တရားဝင် မှတ်ပုံတင် ရမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် အကြောင်းအရာ စီမံခန့်ခွဲရေး တာဝန်ခံများ ခန့်အပ်ခြင်း၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။

 

အဆိုပါ ပလက်ဖောင်းများသည် ဥပဒေနှင့် စည်းကမ်းချက်များကို ဖောက်ဖျက် သည်ဟု ယူဆပါက အကောင့် လုပ်ဆောင်ချက်များကို ကန့်သတ်ခြင်း၊ ဝင်ငွေရလမ်းများကို ပိတ်သိမ်းခြင်း သို့မဟုတ် အကောင့်ကို အပြီးပိတ်ပစ်ခြင်းတို့ ပြုလုပ်နိုင်သည်။

 

ဇာတ်လမ်းဆင် ဖန်တီးခြင်း၊ ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းအချက် အလက်များကို လှည့်ပတ် ဖန်တီးခြင်း၊ သတင်းဟောင်းများကို ပြန်လည်အသုံးချ၍ စိတ်အနှောင့်အယှက်ဖြစ်စေခြင်းနှင့် ရင်းနှီးမှု ပျက်ပြားစေသည့် မုန်းတီးရေး စကားများကိုလည်း ပိတ်ပင်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။ ထိုသို့သော ကန့်သတ်ချက်စံနှုန်းများသည်လည်း အာဏာပိုင်များ၏ တစ်ဖက်သတ် အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေသည်။

 

စက်တင်ဘာလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာများတွင် ရှန်ယန်မြို့ရှိ Content Creator တစ်ဦးက “Livestream လုပ်နေတဲ့သူ အများစုက ဘာပြောရမယ်၊ ဘာမပြောရဘူးဆိုတာ မသိကြဘူး။ ကြည့်ရှုသူဦးရေ များလာတာနဲ့အမျှ စွန့်စားရမှုတွေပါ ကပ်ပါလာတာပဲ” ဟု ပြောကြားခဲ့သည်။ အာဏာပိုင်များအနေဖြင့်လည်း မည်သည့်အရာကို ထင်ယောင်ထင်မှားဖြစ်စေသည်ဟု သတ်မှတ်မည် ဆိုသည့် စံနှုန်းပြတ်ပြတ်သားသား မရှိကြောင်း သူမက ထောက်ပြသည်။

 

အဆိုပါ အကျိုးဆက်မှာ လုပ်ငန်းများက ၎င်းတို့စနစ်အောက်ရှိ အကောင့်များ၏ ပို့စ်များကို အာဏာပိုင်များမတိုင်မီ ကြိုတင်စိစစ် ဆင်ဆာဖြတ်လာခြင်းဖြစ်သည်။ ထိုသို ဆင်ဆာဖြတ်တောက် အမိန့်ပေးမှု ဖိအားသည် တရုတ်အစိုး ရထံမှ ပလက်ဖောင်းများသို့၊ ပလက်ဖောင်းများထံမှ စီမံခန့်ခွဲသည့် ကုမ္ပဏီများသို့၊ ၎င်းတို့ထံမှတစ်ဆင့် တစ်ဦးချင်း ဖန်တီးသူများထံသို့ ဆက်တိုက် ရိုက်ခတ်စေသည့် စနစ်တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်။

 

လူမှုရေး ပြဿနာများသည် ထိလွယ်ရှလွယ် သတင်းများ ဖြစ်လာ

 

အဆိုးရွားဆုံး သက်ရောက်မှုမှာ စီးပွားရေး ကျပ်တည်းမှုနှင့် လူမှုရေး အကျပ် အတည်းများအကြောင်း ဖော်ပြမှုများတွင် ဖြစ်သည်။

 

ဟာဘင်မြို့မှ တစ်သီးပုဂ္ဂလ အကြောင်းအရာ ဖန်တီးသူတစ်ဦးဖြစ်သည့် လီက ၎င်းအနေဖြင့် အလုပ် အကိုင် အခက်အခဲများ၊ ရင်းနှီးမြှုပ်နှံမှု ပျက်စီးသွားသည့် စီးပွားရေးလုပ်ငန်းများ၊ မပြီးပြတ် သေးသည့် အိမ်ရာစီမံကိန်းများနှင့် ဘဏ်များမှ ငွေထုတ်ရခက်ခဲသည့် ပြဿနာများကို စောင့်ကြည့် ဖော်ပြလေ့ရှိကြောင်း ဆိုသည်။

 

အချက်အလက် အမှန်တကယ် မှန်ကန်နေသည့်တိုင် ထိုသို့သော အကြောင်း အရာများကို ဖော်ပြခြင်း သည် “အပျက်သဘောဆောင်သည့် ဖြစ်စဉ်များကို အလွဲသုံးစားလုပ်၍ Traffic ရှာခြင်း” ဟု စွပ်စွဲခံရမည်ကို လီက စိုးရိမ်လျက်ရှိသည်။

 

“အချို့အကြောင်းအရာတွေက မဟုတ်မမှန်တာ မဟုတ်ပါဘူး။ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲနေတာပဲ ရှိတာပါ” ဟု လီက ဆိုသည်။

 

သတင်းအချက်အလက်အမှန်ရရှိရန် ခက်ခဲသည့် ပတ်ဝန်းကျင်တွင် အချက် အလက်အမှန်နှင့် အစိုးရ၏ ထုတ်ပြန်ချက်တို့ ကွဲလွဲပါက ဖန်တီးသူများသည် ၎င်းတို့၏ ဝင်ငွေနှင့် အကောင့်များ ပျက်စီးမည်ကို စိုးရိမ်၍ နှုတ်ဆိတ်သွားကြသည့် Self-censorship (မိမိကိုယ်မိမိ ဆင်ဆာဖြတ်ခြင်း) လမ်းကြောင်းကို ရွေးချယ်လာကြသည်။

 

ပြင်းထန်သည့် စစ်ဆင်ရေးများနှင့် ငွေကြေးဒဏ်ခတ်မှုများ

 

ယခု စည်းမျဉ်းသစ်များသည် AI နည်းပညာ အလွဲသုံးစားမှုနှင့် အတုအယောင် အကောင့်များကို နှိမ်နင်းသည့် တရုတ်အစိုးရ၏ ကြီးမားသည့် စစ်ဆင်ရေးများနှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သည်။

 

၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်၍ စည်းကမ်းဖောက်ဖျက်သည့် ဗီဒီယို ၅ သိန်း ၄ သောင်းကျော်ကို ဖျက်သိမ်းခဲ့ပြီး အကောင့် ၆၈,၀၀၀ ထက်မနည်းကို အရေးယူခဲ့သည်။ ထို့အပြင် AI နည်းပညာနှင့် ပတ်သက်၍ ဥပဒေမဲ့ ဗီဒီယို ၅ ဒသမ ၆ သန်းကျော်ကို ဖျက်သိမ်းကာ အကောင့် ၄၉,၀၀၀ ကျော်ကို အရေးယူခဲ့ကြောင်း၊ Douyin၊ Kuaishou၊ Weibo နှင့် WeChat တို့သည်လည်း ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ကြောင်း CAC ၏ စက်တင်ဘာ ၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

 

ဥပဒေအရ ဒဏ်ကြေးငွေ ယွမ် ၁၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ သတ်မှတ်ထားသော်လည်း Creator များအတွက် အကြီးမားဆုံး ဆုံးရှုံးမှုမှာ အကောင့်များ ပိတ်သိမ်းခံရခြင်း၊ Follower များကို ဆုံးရှုံးခြင်းနှင့် ကြော်ငြာ ဝင်ငွေလမ်း ကြောင်းများ ပျက်စီးသွားခြင်းပင် ဖြစ်သည်။

 

လွတ်လပ်သည့် အသံများအတွက် ကျဉ်းမြောင်းသွားသည့် နေရာ

 

တရုတ်အစိုးရ၏ နောက်ဆုံး လုပ်ဆောင်ချက်များသည် အွန်လိုင်းအကြောင်း အရာများကို တင်းကျပ်စွာ ထိန်းချုပ်မည့် ရည်ရွယ်ချက်ကို ပိုမို ထင်ရှားလာစေသည်။

 

အိမ်ရာစီမံကိန်း မပြီးပြတ်မှု၊ လုပ်ခလစာ မရရှိမှုများနှင့် ပြည်သူတို့၏ ဒုက္ခများကို သတင်းဖော်ပြ နေသူများအတွက် ပလက်ဖောင်းက အန္တရာယ်ရှိသည်ဟု ယူဆမည်လား၊ စီမံခန့်ခွဲသည့် ကုမ္ပဏီက လက်ခံခြင်းပြုမည်လားနှင့် ၎င်းတို့၏ ဝင်ငွေ ပျက်စီးသွားမည်လား ဆိုသည်ကို စိုးရိမ်လွန်ကဲစွာဖြင့် တွက်ချက်နေကြရပြီဖြစ်သည်။

 

ထိုကဲ့သို့သော ဝန်းကျင်တွင် အွန်လိုင်း တင်ဆက်သူများ၏ လုပ်ဆောင်မှု နယ်နိမိတ်ကို အာဏာပိုင်များက တရားဝင် ပိတ်ပင်လိုက်ခြင်းသာမက၊ ဖန်တီးသူများသည်လည်း မိမိကိုယ်မိမိ စွန့်စားရမည်ကို ပိုမိုစိုးရိမ်၍ ဖော်ပြရဲခြင်းမရှိတော့သည့် အကြောင်းအရာများအဖြစ် ပုံဖော်စေတော့မည် ဖြစ်သည်။

 

(ဆောင်းပါးရှင် မောင်ဖြူဖွေးသည် အာရှ-ပစိဖိတ်ရေးရာများကို လေ့လာစောင့်ကြည့်နေသော သုတေသီ တစ်ဦး ဖြစ်ပါသည်။ ဤဆောင်းပါးမှာ ရေးသူ၏အာဘော််သာဖြစ်ပြီး ဧရာ၀တီတိုင်းမ်သတင်းဌာန၏အာဘော် မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား လေး စားစွာတင်ပြအပ်ပါသည်။)