ဧရာဝတီတိုင်းမ်
(သံဖြူဇရပ်)၊ နိုဝင်ဘာလ ၈ ရက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်ဂရာကျေးရွာအုပ်စု ဝဲဘို့ဝောာင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၈ရက်နေ့ မနက် ၆ နာရီဝန်းကျင်အချိန်က နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းကျောင်းဆောင်မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းနှင့်အတူ သံဖြူဇရပ်နှင့်ရေးမြို့နယ်များရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မနက် ၇နာရီ ၃၅ မိနစ်တွင်မီးလောင်မှုအားထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးထံမှ သိရသည်။

“မီးက ၆ နာရီဝန်းကျင်လောက်ကစပြီးလောင်တယ်လို့ယူဆရတယ်။ ၇နာရီ ၃၅ မိနစ်မှာ မီးလောင်တာကိုထိန်းချုပ်နိုင်ခဲ့တယ်။ သတင်းရတာ နာရီဝက်ဝန်းကျင်လောက် နောက်ကျသွားလို့ အဆောင်တစ်ခုလုံးလောင်သွားတယ်။ ယူထုတ်လို့ရတဲ့ပစ္စည်းအသေးတွေတော့အချိန်မှီသယ်ထုတ်နိုင်ခဲ့ပါတယ်။ မီးစလောင်တာက ဘုန်းကြီးကျောင်းအတွင်းပိုင်းက ဝိုင်ယာကြိုးကြောင့်လို့ယူဆရတယ်” ဟု စေတနာရှင်လူမှုကယ်ဆယ်ရေး အသင်းဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ဘုန်းကြီးကျောင်း အတွင်းပိုင်းရှိ သယ်ထုတ်ရခက်ခဲ့သည့်ပစ္စည်းများလောင်ကျွမ်းပြာကျခဲ့ပြီး လူထိခိုက်မှုတစ်စုံတရာမရှိကြောင်း သိရပါသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် မီးလောင်မှုမဖြစ်ခင်က သံဃာတော် ၈ ပါး သီတင်းသုံးနေထိုင်လျှက်ရှိပြီး လက်ရှိတွင် ကျောင်းဝန်းအတွင်းရှိ အဆောင်တစ်ခုတွင် ပြောင်းရွေ့သီတင်းသုံးလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ – စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း
#သံဖြူဇရပ် #နှစ်ပေါင်း၁၀၀​ကျော် #ဘုန်းကြီးကျောင်း #မီးလောင်ပျက်စီး
#Ayeyarwaddy_Times