ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မူရားစု ( MURASU) အရှိန်ကြောင့် အယ်လ်နီညိုကြောင့်အပူချိန်မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် မိုးရွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ယနေ့ နိုဝင်ဘာ ၂ ရက် ( နေ့လယ်)မှ ၃ ရက်အတွင်း စစ်ကိုင်တိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်( မြောက်ပိုင်း) တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။

 

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္ဿာရီတိုင်း၊ ကရင်နီ ( ကယားပြည်နယ်)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ( တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်) နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းပါဝင်သည်။

“ ဒီနေ့တော့ အေးအေးလေးပဲ။ အပူသက်သာသွားတယ်။ အရင်နေ့တွေက အရမ်းပူနေတာ။ အခုနေ့လယ်မှာ မိုးရွာလာပြီ ရန်ကုန်မှာ။ မိုးများများရွာစေချင်တာ ဒါမှအပူသက်သာအောင်လို့။ ဆောင်းရာသီထဲတောင် အယ်လ်နီညိုက ဒီလောက်ပူနေတာ။ နွေရာသီဆိုမတွေးရဲဘူး” ဟု အသက်က ၈၀ အရွယ်အဖွားတစ်ဦးက ပြောကြားသည်။

 

အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မူရားစုအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။

 

မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ယင်းအချိန်တွင် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကြောင်းပါဝင်သည်။

 

လက်ရှိဖြစ်ပေါ်နေသော အလွန်အားကောင်းသောအယ်လ်နီညိုမှ နိုဝင်ဘာနှင့် ဒီဇင်ဘာလ အမြင့်ဆုံးရောက်ရှိမည်ဖြစ်ပြီး မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် အောက်တိုလာလ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်အဖြစ် နှစ်ပေါင်း ၄၆ နှစ်ကြာပြီးနောက် မုဒုံမြို့တွင် အပူချိန် ၃၇ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်ရောက်ရှိကြောင်း မိုး/ဇလ ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – မိုး/ ဇလ