ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ရေတပ်စခန်းအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက လူငယ်တစ်ဦးကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသည့် ကားတစ်စီးမှာ လူငယ်၏ ပြန်လည် ခုခံမှုကြောင့် ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက လူ သုံး ဦး လိုက်ပါလာသည့် ကားတစ်စီးသည် ရေတပ်စခန်းအနီး လမ်း လျှောက်နေသည့် လူငယ် အနီးသို့ ကပ်ရပ်ပြီး နောက်ကျောဘက်မှနေ၍ ကားပေါ်သို့ အဓမ္မ ဆွဲတင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကြိုးပမ်းစဉ် အဆိုပါ လူငယ်က ရုန်းကန် ခုခံခဲ့သဖြင့် ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသူများသည် ကားကို ချက်ချင်း မောင်းနှင်ကာ အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့ကြသည်။
“သူတို့က ညနေပိုင်း လူခြေရှင်းချိန်မှာ လူငယ်ကို နောက်ကနေ အဓမ္မ ဆွဲတင်ဖို့ လုပ်တာ။ လူငယ်က ဆွဲတဲ့လူရဲ့ လက်မောင်းကို ဓားနဲ့ ပြန်ထိုးလိုက်ချိန်မှာ ကျန်တဲ့ ကားပေါ်ကလူတွေလည်း ကြောင်အမ်း သွားပြီးတော့ ခဏကြာတော့မှ ထိုးခံလိုက်ရတဲ့သူကို ခေါ်ပြီး ကားမောင်း ထွက်ပြေးသွားကြတာ” ဟု သန်လျင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထို့ပြင် ရွေးတုအစိုးရ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ် တပ်ဖွဲ့ဝင်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် ထောင်ဒဏ်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသည့် လူငယ်များကို ပစ်မှတ်ထား၍ စစ်မှုထမ်းရန် ဖိအားပေး လာရောက် ခေါ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။
၎င်းတို့သည် ရပ်ကွက်အတွင်း စစ်မှုထမ်းရန် နာမည်စာရင်း ပါဝင်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ ဖြင့် လွတ်မြောက်လာသူ လူငယ်များ၏ အမည်စာရင်း အတိအကျဖြင့် အိမ်တိုင်ရာရောက် လာရောက် ခေါ်ဆောင်နေခြင်းကြောင့် သက်ဆိုင်ရာ မိသားစုများမှာ စိုးရိမ်လျက်ရှိသည်။
“လကုန်ခါနီးပြီဆိုရင် ဘယ်အိမ် စစ်မှုထမ်းစာရင်း ပါလာမလဲ၊ ဘယ်သူ့ကို လာခေါ်မလဲဆိုပြီး လူတိုင်း လန့်နေရတာ။ ထောင်က လွတ်လာတဲ့ လူငယ်တွေကိုဆိုရင်လည်း နာမည်စာရင်း အတိအကျနဲ့ကို လိုက်ခေါ်နေတော့ မိသားစုတွေမှာ တစ်နေ့ထက်တစ်နေ့ စိတ်ဆင်းရဲ ထိတ်လန့်နေကြရတယ်” ဟု တောင်ဒဂုံမြို့နယ်နေ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့နယ်အသီးသီးရှိ လမ်းမများ၊ ရပ်ကွက်များအတွင်း သွားလာနေသည့် လူငယ် များမှာ လမ်းပေါ်မှ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရမည့် အန္တရာယ်များအပြင် အိမ်တိုင်ရာရောက် ဖိအားပေး ခေါ်ဆောင်ခံရမှုများနှင့်ပါ ရင်ဆိုင်နေကြရသည်။
ပုံစာ-ရန်ကုန်တိုင်းအတွင် စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခြင်းခံခဲ့ရသူများကို တွေ့ရစဉ်(ပုံဟောင်း)