ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်

 

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်ဘက်ခြမ်း၌ ရွေးတုအစိုးရ စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ထိုင်းတော်ဝင် လေတပ်က F-16 တိုက်လေယာဉ် နှစ် စင်းဖြင့် မဲဆောက် နယ်စပ်တစ်လျှောက်တွင် ကင်းလှည့် ပျံသန်းလျက် ရှိကြောင်း သိရသည်။

 

မဲဆောက်မြို့နယ်နှင့် အနီးတစ်ဝိုက် နယ်စပ်ဒေသများတွင် ထိုင်းတော်ဝင် လေတပ်မှ ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) ညနေပိုင်းမှ စတင်ကာ အဆိုပါ တိုက်လေယာဉ် နှစ် စင်းဖြင့် လေကြောင်း ကင်းလှည့် ပျံသန်းမှုများ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ လေကြောင်း ကင်းလှည့် ပျံသန်းမှုနှင့် ပတ်သက်၍ ဒေသခံများအနေဖြင့် လေယာဉ်သံများကို ပုံမှန်ထက် ကျယ်လောင်စွာ ကြားရနိုင်သော်လည်း စိုးရိမ်ထိတ်လန့်ခြင်း မရှိကြရန် အသိပေး သတိ ပေးထားပြီး နယ်စပ်တစ်လျှောက်တွင်လည်း ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်းကာ လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း သိရသည်။

မြန်မာဘက်ခြမ်း တိုက်ပွဲများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး၊ လက်နက်ငယ် ကျည်များမှာ ထိုင်းဘက်ခြမ်းသို့ ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် ထိုင်းနိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရုံ မျှမက နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့ရသည်။

 

နယ်စပ် စစ်ရေး တင်းမာနေသည့် အခြေအနေများကြောင့် ထိုင်းအာဏာပိုင်များက သောင်းရင်းမြစ်တစ် လျှောက်ရှိ တရားမဝင် နယ်စပ်ဖြတ်ကျော်ဂိတ် အားလုံးကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ၇ ရက်ကြာ ပိတ်သိမ်း ရပ်ဆိုင်းထားကြောင်း သိရသည်။

 

လက်ရှိတွင် မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာ အပေါ်ဘက်၊ နယ်စပ်မှ မီတာ ၅၀၀ အကွာရှိ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာ၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် အင်အားဖြည့် ထိုးစစ်ဆင်လာသည့် ရွေးတုအစိုးရ စစ်တပ်တို့အကြား နှစ်ဖက် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိသည်။

 

ကိုးကား – Khaosod English